Home
မြန်မာသတင်း
ကော့ကရိတ်တွင် စစ်ကောင်စီတပ်သား ၂ ဦး လက်နက်နှင့်အတူအလင်းဝင်
DVB
·
April 14, 2024
KawtKaYeik SAC fail_14042024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေအစိုက် နဘူးတပ်နယ်၊ စစ်ကောင်စီခြေမြန်တပ်ရင်း ၅၄၉ က စစ်သား ၂ ယောက် လက်နက်နဲ့အတူအလင်းဝင်ခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းက ဧပြီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲခံရပြီး နဘူး ခလရ ၅၄၉ မှာတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ ဧပြီ ၁၂ ရက်နေ့က ဂဠုန်စစ်ကြောင်းနဲ့ပူးပေါင်းတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နယ်မြေမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကတဆင့် အလင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သား ၂ ယောက်ဟာ သေနတ် ၂ လက်၊ ကျည်ဘောက် ၂ ခုနဲ့အတူ အလင်းဝင်လာတယ်လို့ ဂဠုန်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ဂဠုန်စစ်ကြောင်းပြန်ကြားရေးရဲ့ တာဝန်ခံရဲဘော်ဘဲဥက “သူတို့က စစ်သားစစ်စစ်တွေမဟုတ်ဘဲ ပေါ်တာဆွဲခံရပြီး စစ်သားစုဆောင်းခံထားရတာ။ သူတို့ကို စစ်သင်တန်း ၆ လပေးပြီး ဒီဘက်ကို လွှတ်လိုက်တာ။ သူတို့က ကျနော်တို့ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲ ခဏခဏ ဖြစ်တော့ မတိုက်ချင်တော့လို့ ထွက်ပြေးတာ။ ကျနော်တို့ပိုင်နက်က ရွာထဲကို ရောက်လာတယ်။ အဲက အုပ်ချုပ်ရေးမှူးက ကျနော်တို့ဘက်ကို ဆက်သွယ်ပေးပြီး သူတို့အလင်းဝင်ခဲ့တာပါ” လို့ ပြောပါတယ်။

ဂဠုန်စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ဂုဏ်ပြုဆုငွေ တယောက် ကျပ် သိန်း ၃၀ စီပေးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ လူသတ်ပွဲလာတာ မဟုတ်ဘဲ စစ်အာဏာရှင် ဖြုတ်ချဖို့ပဲ လုပ်ဆောင်နေတဲ့အတွက် ပြည်သူထဲက ဆင်းသက်လာတဲ့ဖြစ်တဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့  နီးစပ်ရာတပ်ဖွဲ့တွေဆီမှာ အလင်းဝင်ကြဖို့လည်း ဂဠုန်စစ်ကြောင်းတာဝန်ခံ ရဲဘော်ဘဲဥက တိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့ကလည်း သထုံအခြေစိုက် တပ်မ ၄၄ ခမရ ၂ က စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့အတူအလင်းဝင်ခဲ့တယ်လို့ နဂါးဖြူစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013