စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကျေးရွာ ၂ ရွာကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့ပြီး ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
အဲဒီ စစ်ကြောင်းဟာ အရာတော်မြို့ စ.ခ.တ ၁၀ ကနေ စစ်ကား ၉ စီးနဲ့ စတင်ထွက်ပြီး အခုလို ဝါးတောမရွာကို မနက်ပိုင်းမှာ ဝင်ရောက်တာဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အခါကြီးရက်ကြီးလည်း ပြေးနေရတာပါပဲ။ ကျနော်တို့ အညာက ဒီလို နှစ်ကူးသင်္ကြန်ရက်တိုင်းကို အခါရက်ကြီးလို့ ပြောကြတာ။ ဒီအချိန်ဆိုရင် တနှစ်လုံး အလုပ်နဲ့ လက်နဲ့ မပြတ်တဲ့သူတွေလည်း ဥပုသ်သီလ ဆောက်တည်ကြတယ်။ အခုဟာကျတော့ ဒီ စစ်ကောင်စီတပ်တွေလာတော့ ဘာဥပုသ်သီလမှ မစောင့်ရတော့ဘူး” လို့ ပြောပါတယ်။
ဝါးတောမရွာကို အင်အားအများအပြား အသုံးပြုပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာဟာ ပြီးခဲ့တဲ့ ရက်တွေက မုံရွာ န.မ.ခ ကနေ စစ်ကားတွေနဲ့ အရာတော် စ.ခ.တ ၁၀ ကို စစ်သားအင်အား ထပ်ဖြည့်တာကို ပြည်သူ့ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခံရတာလို့ ဒေသခံတွေ ပြောပါတယ်။
ဝါးတောမရွာဟာ အိမ်ခြေ ၃၀၀ လောက်ရှိနဲ့ လူဦးရေ ၁၃၀၀ လောက်ရှိပြီး အရင်အကြိမ်တွေ အခုလို ရွာထဲဝင်ချိန်မှာ ပစ္စည်းယူတာမျိုး မရှိပေမဲ့ အခုတော့ ရွာက ပြည်သူတယောက်ရဲ့ကားနဲ့ ပစ္စည်းတွေကို ယူသွားပြီး ရွာကိုပါ မီးရှို့ခဲ့တာကြောင့် ဒေသခံနေအိမ် ၈၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဝါးတောမရွာ တောတိုက်က တောတဲ ၂ လုံးနဲ့ စည်သာရွာကိုပါ မီးရှို့ခဲ့ပြီး နေ့လယ်ပိုင်းမှာ အရာတော်ဘက်ကို ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရာတော်ရပ်ကျေး ပအဖ တာဝန်ရှိသူတယောက်က “ဝါးတောမရွာကို မီးရှို့တာက နေ့လယ် ၁၂ နာရီအချိန်မှာ မီးစရှို့တယ်။ အိမ် ၈၀ ကျော် မီးလောင်တယ်ဗျ။ ရွာထဲက ကားတစီးပေါ်ကို ပြည်သူတွေရဲ့ ပစ္စည်းတွေတင်ပြီး ပြန်ထွက်သွားတယ်ဗျ။ အဲဒီလို ပြန်ထွက်သွားပြီး စည်သာရွာကို ထပ်ဝင်တယ်။ အဲဒီလိုထပ်ဝင်ပြီး ရွာကို မီးထပ်ရှို့တယ်။ အိမ် ၅၀ လောက် မီးလောင်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့ကလည်း အရာတော်မြို့နယ်ထဲမှာ စစ်ကောင်စီ စစ်ကားတွေကို ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။