(က)
ဒီကနေ့ ရေနွေးကြမ်းဝိုင်းမှာလည်း လက်ရှိ ခေတ်ကာလဆိုး အခြေအနေကို ဆွေးနွေးနေကြပါလေ၏။ အဘစောမူးသာနှင့် အဘလှဘူးတို့က ‘တော်လှန်ရေးတပ်ဖွဲ့များ’ ၏ ဆက်တိုက် အောင်ပွဲများကို ပြောနေကြစဉ် စိမ်းသရဖူစိမ်း ရပ်ကျေးအစိမ်းပါတီဥက္ကဋ္ဌ အဘစိမ်းမောင်က သူတို့ကိုးကွယ်တော်မူနေကြသည့် ကြင်စိုး သာဝ မအလကြီး၏ ကြံရာမရ ‘စစ်မှုထမ်းဥပဒေ’ ကို ဘလိုင်းကြီး ချီးကျူးနေပါလေ၏။
“နစက ဥက္ကဋ္ဌကြီးက သိပ်ပြီးအမြော်အမြင်ကြီးတာကွ။ ‘သူပုန်တွေ’ ကို အမြစ်ပြတ် ချေမှုန်းဖို့အတွက် လူငယ်တွေကို စစ်သင်တန်းပေးနေတာလေကွာ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
“မင်းတို့က ဘာ ထရယ်ကြတာလဲဟ”
“‘သူပုန်တွေ’ ဆိုလို့ပါဟ၊ ဒါနဲ့ ‘သူပုန်’ ဆိုတာ ဘယ်လိုဟာမျိုးလဲဟ စိမ်းမောင်ရ”
“အဲ . . . ‘သူပုန်’ ဆိုတာ မကောင်းတဲ့ကောင်တွေပေါ့ လှဘူးရ”
“အေး . . . ‘မကောင်းတဲ့ကောင်တွေ’ ဆိုတာ ဘယ်လိုလူမျိုးတွေကို ပြောတာလဲ စိမ်းမောင်”
“အဲ . . အင်း . . . ဒီ . . ဒီလိုကွာ . . ပြည်သူလူထုကို အကြမ်းဖက်ဖမ်းဆီးပြီး ရိုက်နှက်နေတဲ့ သူတွေ၊ သတ်ဖြတ်နေတဲ့သူတွေ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ကောင်တွေပေါ့ကွ၊ ပြီးတော့ . . .”
“ဆက်ပါအုံး ဟ”
“အေး . . . ပြီးတော့ . . ပြီးတော့ . . . ဘုန်းကြီးကျောင်းတွေ၊ ဘုရားရှိခိုးကျောင်းတွေနဲ့ ဗလီတွေကို အတင်းအဓမ္မ မီးလောင်တိုက်သွင်းနေတဲ့ ငမိုက်သားတွေဟာ ‘သူပုန်တွေ’ ပေါ့ကွ မူးသာရ . . . ဟ ဟ ဟ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
ရုတ်တရက် ပြိုင်တူ ထပ်မံရယ်ချလိုက်သံကြီးကြောင့် မန်ကျည်းပင်အိုကြီးပေါ်က ဗျိုင်းေတွ အုပ်လိုက်ကြီး ထပျံသွားကြပါလေ၏။ အဘစိမ်းမောင်ကား မျက်နှာကြီး စိမ်းပုပ်ပုပ်ဖြစ်ကာ ဘုကြည့် ကြည့်ပါလေ၏။ ပြီးတော့ ‘ဘာရယ်စရာပါလို့လဲ” ဟု ဒေါသသံဖြင့် မေး၏။
“ဒီလိုကွ စိမ်းမောင်ရ . . . ‘ပြည်သူလူထုကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်၊ မြို့ရွာနေအိမ်တွေကို မီးရှို့ပြာချ၊ ဘာသာ သာသနာကို စော်ကားပြီး တိုင်းပြည်နဲ့လူထု ဆင်းရဲဒုက္ခရောက်အောင် လုပ်နေသူတွေ’ ကို ‘သူပုန်’ လို့ အဓိပ္ပာယ်ဖွင့်တာကို သဘောကျလို့ပါဟ”
“အေးလေ . . . အဲဒါ အမှန်တရားပဲဟာ”
“ဟုတ်ပါတယ်ဟ . . . အဲသည် အမှန်တရားကို သဘောကျလို့ပါ”
“မူးသာပြောတာ ဟုတ်တယ်ဟ စိမ်းမောင်ရ။ အဲသည်လို လုပ်နေသူတွေဟာ ‘သူပုန်တွေ’ ပဲ၊ အဲသလိုမျိုး ဘယ်သူတွေ လုပ်နေသလဲ ဆိုတာကို လိုင်းပေါ်က ဗီဒီယိုဖိုင်တွေမှာ အမြဲတမ်း မြင်နေကြရတော့ ရယ်မိကြတာပေါ့”
“လှဘူးပြောတာ ဟုတ်တယ်ဟ စိမ်းမောင်ရ၊ အဲသည်လို လူသတ် မုဒိမ်းကျင့် ရွာမီးရှို့နေကြတဲ့ ကောင်တွေဟာ ‘ဖက်စစ်တပ်ယူနီဖောင်းတွေ’ နဲ့ဟ”
“ဟေ . . .”
“ဟားဟား ဟားဟား ဟားဟား . . . ကြင်စိုး သာဝ မအလရဲ့ သစ္စာတော်ခံ ဖက်ဆစ် အကြမ်းဖက်တပ်က ကောင်တွေဟ”
“ဟမ် . . . . .”
“အဲဒါကြောင့် မင်းအဓိပ္ပာယ်သတ်မှတ်ခဲ့တဲ့ ‘သူပုန်တွေ’ ဆိုတာ ဖက်ဆစ်တပ်ကြီး ဖြစ်နေပါပြီဗျား”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
(ခ)
အရွှင်အဘတွေက မအလတပ်တွေ၏ မီးရှို့ဖျက်ဆီးနေသည့် သက်သေဖိုင်များကို အဘစိမ်းမောင်အား ပြသပါလေ၏။ အဘစိမ်းမောင်ကလည်း သူ၏ ‘သူပုန်’ သတ်မှတ်ချက် စံနှုန်းများနှင့် မြေပြင်အခြေအနေမှာ လုံးဝကွက်တိ ကိုက်ညီ ပြည့်စုံနေသည့် မအလ၏ လက်ပါးစေတပ်များကိုကြည့်ကာ ‘ဒေါသူပုန်’ ထနေပါလေတော့၏။
“ဒီကောင်တွေကလည်း ‘ရီး’ တဲ့မှပဲ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
“ခုနက မင်းပြောတဲ့ ‘သူပုန်တွေ’ ဟာ အခုဆိုရင် လူတွေကို ရိုက်ဖို့ သတ်ဖို့ ရွာတွေကို မီးရှို့ဖို့ထက် သူတို့ရဲ့ ကိုယ်ပိုင်အသက်တွေ ခွေးသေဝက်သေ မသေဖို့အတွက် လွတ်ရာကျွတ်ရာကို မာရသွန်ပြေးနေရတဲ့ အခြေအနေကွ”
“ဟေ . . . .”
“အိန္ဒိယကို ပြေးတယ်၊ ဘင်္ဂလားဒေ့ရှ်ကိုပြေးတယ်၊ တရုတ်ကို ပြေးတယ်၊ ထိုင်းကိုပြေးတယ် …”
“အဲ . . . .”
“နောက်ဆိုရင် အခြား အာဆီယံနိုင်ငံတွေအထိပါ ရောက်အောင် အပြေးပြိုင်ကြမယ်ထင်တယ် ဟကောင်ရ”
“ရီး တဲ့မှပဲ . . . .”
“မပြေးလို့ရမလားဟ . . . သူတို့လို အောက်ခြေက ‘ခိုင်းဖတ်’ ကောင်တွေမပြောနဲ့ သူတို့ရဲ့ ဟိုးအထက်က သူတို့အဘ ဗိုလ်ချုပ်ဆိုတဲ့ ကောင်တွေတောင်မှ ခေါင်းပေါ်ကို ဒရုန်းတွေ မုန်တိုင်းမိုးလိုရွာလို့ ကျွဲပြေး နွားပြေး အသက်လုပြေးနေကြရပြီဖြစ်တဲ့ ကာလကြီးလေကွာ”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
အဘစောမူးသာနှင့် အဘလှဘူးတို့ကား ပေါ့ပေါ့ပါးပါး တဟားဟား။ အဘစိမ်းမောင်ကား လေးလေးပင်ပင် တဟင်ဟင်။ “တော်တော့ကွာ . . တခြားအကြောင်းပြောင်းပြော” ဟု ဘုတောလာပါ၏။ အရွှင်အဘတွေက တဦးမျက်နှာကို တဦးကြည့်ကာ ပြုံးစိပြုံးစိ လုပ်ေနကြပါလေ၏။
“ဒါဆိုလည်း သင်္ကြန်နဲ့ပတ်သက်တဲ့ စာအကြောင်း ကဗျာအကြောင်းလေးတွေပဲ ပြောကြမလား လှဘူး”
“ကောင်းတာပေါ့ မူးသာရာ”
အရွှင်အဘတွေ၏စကားကို ကြားတော့ အဘစိမ်းမောင့် မျက်နှာထားမှာ အနည်းငယ် စိမ်းစိုလာပါ၏။ “ကဲပါကွာ . . . သင်္ကြန်အလှ စာအလှလေးတွေ လုပ်ကြပါအုံး” ဟုပင် တောင်းဆိုလာပါ၏။ အဘစောမူးသာက “ဆရာမောင်စိန်ဝင်းရဲ့ ‘ဧပရယ် ဥဒါန်း’ ဆိုတဲ့ ကဗျာလေး ငါ့ဖုန်းထဲမှာ သိမ်းထားတယ်” ဟု ပြောကာ ရှာနေပါလေ၏။
“ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ကဗျာတွေကို ငါလည်းကြိုက်တယ်ကွ” ဟုပင် အဘစိမ်းမောင်က ပြောလာပါလေ၏။
“တွေ့ပြီလား . . . ရွတ်ပြတော့လေကွာ”
“အေးပါ စိမ်းမောင်ရ . . . အခု ၂၀၂၄ ဧပြီလ ၁ ရက်နေ့ကမှ ဆရာရေးထားတာ”
သည့်နောက် ရေနွေးကြမ်းခွက်ကို မော့၍ ရှင်းလိုက်ပြီးနောက် ကဗျာလေးကို ဋ္ဌာန်ကရိုဏ်းကျစွာ ရွတ်ပြပါလေ၏ ခင်ဗျာ။
“ပိတောက်အစား
မကြောက်တရားနဲ့ ပွင့်
စိန်ပန်းရင့် နီ . . .
ရေစင်မပက်
ချွေးသွေးစက်တွေ
မျက်ရည်နဲ့ စိုဖျန်း
အငိုအလွမ်းတွေ ပွင့်တဲ့ရာသီ။
မြနန္ဒာတေးမသီ
အဝေးဆီကလွင့်လာတဲ့
ကမ္ဘာမကျေဘူး။
မီးလောင်ထားတဲ့ပိတောက်ပင်က
နောက်နှစ်မရောက်ခင်အညွန့်ထွက်
နှစ်ဆန်းရက်မှာအဖူးဝေမယ်တဲ့
တန်ခူးရေအတာကိုမှန်းလို့
ဥဒါန်းတွေကျူး”
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”
ကဗျာအဆုံးမှာ အဘလှဘူးက လက်ခုပ်တီးတော့ အဘစိမ်းမောင်က မျက်နှာကြီးညိုမှောင်ကာ ရှုံ့မဲ့နေပါလေ၏ ခင်ဗျာ။
(ဂ)
အဘစိမ်းမောင်မှာ ကဗျာရွတ်ပွဲမှ ပြန်ပြေးချင်နေပြီဖြစ်၏။ အိမ်အပြင် နေ့လယ်တပေါင်းနွေ၏ အပူရှိန်ကား လူကို ‘မုန့်လေပွေ’ ဘဝသို့ ချက်ချင်းပြောင်းပေးမည့် ဒီဂရီရှိ၏။ “ပြန်ေတာ့မယ်” ဟု ဆိုတော့ အဘလှဘူးက “မင်း ရွာထိပ်က စိုးဝင်းလို ဦးနှောက်သွေးကြောပြတ် သေချင်လို့လား” ဟုပြောရာ အဘစိမ်းမောင် တချက်တွန့်သွားပါလေ၏။
“နေအေးမှပြန်ဟ၊ ဒီလို အပူကြီးထဲမှာ ဒုက္ခရောက်သွားမယ်”
သူ ပြန်ထိုင်ကာ အိမ်အပြင် နေပြင်းပြင်းကြီးကို လှမ်းငေးနေပါလေ၏။ အရွှင်အဘတွေက “စိတ်ပြေလက်ပျောက် သီချင်းဆိုနေကွာ” ဟုပြောကာ အခွေထည့်၍ မိုက်ထိုးပေးတော့ လှမ်း၍ယူပါ၏။ ပြီးတော့ ‘ချမ်းပါတယ်’ အမည်ရ သီချင်းကိုရွေးကာ ဆိုပါလေရာ အဆိုကောင်းပါ၏ ခင်ဗျာ။
“သည်တန်ခူး ရွှင်မြူး
နှစ်ကူးရောက်ပြီလေ
ရွှဲစိုအောင်ပက်လိုက်တော့လေ
မောင် မောင် ရယ် တဲ့
ရွှဲစိုအောင်ပက်လိုက်တော့
ချ မ်း ပါ တ ယ် ခ င် ဗျ
သင်္ကြန်ရေက အေးပါတယ် ဆို
သင်္ကြန်ရေက အေးပါတယ် ကွယ် . . .”
“ကျုံးရေသီတာပတ်ကာဝိုင်း
တန်ခူးလရောက်လေတိုင်း
သင်္ကြန်ကားလေးနဲ့ ရေကစားထွက်လို့လည်
ကိုကိုတို့ ရေကစားထွက်လို့လည် . . .”
“ဝတ္တဝတီနတ်ပြည်က
နတ်သမီးလေးလိုလှပါတယ်
သင်္ကြန်မယ်လေးတွေ ကပါတယ်
သင်္ကြန်မယ်လေးတွေ လှပါတယ်ဗျ
က လ ည်း က လှ လ ည်း လှ လို့
သင်္ကြန်မယ်လေးတွေ မရှက်နဲ့ကွယ်”
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”
အဘစိမ်းမောင်၏ အဆိုအဆုံးမှာ အရွှင်အဘနှစ်ဦးက လက်ခုပ်ထတီးကြပါလေ၏။ “ရေရေလည်လည် မိုက်တယ်ကွာ” ဟုလည်း ပြောလေရာ အဘစိမ်းမောင်၏ ပီတိမျက်နှာကြီးကို ဝင်းပစွာ မြင်ကြရပါ၏။
“မင်းတို့လည်း ဆိုကြအုံးလေကွာ”
“အေးပါ စိမ်းမောင်ရာ . . . ဒီလိုဆိုရင် အဲသည်သီချင်းပဲ ပြန်ရစ်ပေးကွာ”
အဘစောမူးသာကပြောတော့ အဘစိမ်းမောင်က ‘ချမ်းပါတယ်’ ကို ပြန်ရစ်ပေးပါ၏။
အဘလှဘူးက “ယခုတဖန် အလှည့်ကျသူကတော့ သင်္ကြန်မင်းသားကြီး စောမူးသာပါ ခင်ဗျား” ဟု ကြေညာ၍ မိုက်ကိုကမ်းလေရာ အဘစောမူးသာက “ဟုတ်ကဲ့ . . . ကျနော် စိုင်းစိုင်းမူးသာပါ၊ ကျနော်သီဆိုမယ့် သီချင်းကတော့ ‘ချမ်းပါတယ်’ နဲ့အလိုက်တူ စာသားကွဲမယ့် ‘ကြမ်းပါတယ်’ ဖြစ်ပါတယ်ခင်ဗျား” ဟု ခပ်တည်တည်ပြောပြီး ဤကဲ့သို့ ဆိုချလိုက်ပါလေတော့သတည်း။
“ဒီတန်ခူး အသွင်ထူး
နှ စ် ကူး တော့ မယ် လေ
လဲပျို အောင် နှက်လိုက်တော့လေ
မောင် မောင် တွေ ရေ့
လဲပျို အောင် နှက်လိုက်တော့
ကြမ်း ပါမယ် ခင်ဗျ
ဒလန်တွေက ပြေးပါတယ်ဆို
မြန်မာပြည်ဘဝ အေးပါစေကွယ် . . .”
“ဒရုန်းတွေညီညာ ပတ်ချာဝိုင်း
အ ရူး တ ပ် ကြောက်လေတိုင်း
အမှန်တရားလေးနဲ့ စစ်ကစားထွက်လို့လည်
PDF စစ်ကစားထွက်ဖို့ လည် . . .”
“သုနက္ခဏသီ Dog ပြည်က
င ရဲ ခွေး လို ကြွ ပါ တ ယ်
ဒလန်မယ်လေးတွေ ရွပါတယ်
မြင်သမျှကလေးတွေ ကိုက်ပါတယ် ခင်ဗျ
ကိုက်လည်းကိုက် မိုက်လည်းမိုက်လို့
မြင်တာနဲ့သာ ရိုက်သတ်ကွယ် . . .”
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”
လက်ခုပ်သံများ ထွက်လာတော့ အဘစိမ်းမောင့်မျက်နှာကြီးမှာ ညိုမှောင်လာပါလေေတာ့၏။ “ရီးတဲ့မှပဲ” ဟုလည်း နှုတ်မှ ထွက်လာလေရာ ထပ်မံ၍ ရယ်မောကြရပြန်ပါ၏။
အဘစောမူးသာက မိုက်ကိုမချသေးပဲ “ယခုတဖန် အလှည့်ကျသူ သင်္ကြန်မင်းသားကြီးကတော့ ပြည်သူ့အချစ်တော် ‘စိုင်းစိုင်းလှဘူး’ ဖြစ်ပါတယ် ခင်ဗျား” ဟု ကြေညာကာ “ဘာသီချင်း သီဆိုမှာလဲ ခင်ဗျာ” ဟု မေးကာ သီချင်းရှာပေးပါလေ၏။
“ကျနော်လှဘူး အထူးသီဆိုမယ့် သင်္ကြန်တေးကတော့ နာမည်ကျော် ‘သင်္ကြန်မိုး’ သံစဉ် ဖြစ်ပါတယ် ခင်ဗျား၊ စာသားတွေ နည်းနည်းပါးပါး လွဲများလွဲနေရင်တော့ သည်းခံ ခွင့်လွှတ် နားဆင်ပါ ပရိသတ်ကြီး”
အဘစိမ်းမောင်ကို ဝေ့ကြည့်မိတော့ မျက်နှာက ခပ်ပျက်ပျက်။ အဘလှဘူးက မိုက်ကို နှုတ်ခမ်းရှေ့မှာ ရယ်ဒီ တေ့ထားပါ၏။ ကျွန်ုပ်တို့လည်း အဘလှဘူး၏အဆိုကို အာရုံစိုက်ကာ နားစွင့်ထားကြပါလေ၏။ ခဏအကြာမှာ အဆိုကောင်းလှသည့် အဘလှဘူး၏ ပီသကြည်မြသော ‘သင်္ကြန်ဂိုး’ သီချင်းသံကို ဤသို့ နားသောတ ဆင်ကြရပါလေတော့၏တည်း။
“ရူး လှ တဲ့ အဘအသံ ပြန့်လွင့်လို့နေ
ကူး ပြောင်း စ တန်ခူးလေမှာ . . .
တယောက် တချက်မို့ ဂန်းဟာ
လှ မ်း နှ က် လိုက် စဉ်
ကျည် ဆန် ဖူး လေး တွေ
ခံ ရန် ပြ င်ဆင် ထား သူ တွေ . . .”
“ခေါင်း ကလေး စိုက် လို့
ကျည် ထိပ် ဖူး လေး တွေ
ခံ ဆင် ထား သူ ရေ . . .”
“ပျော်ပျော်ရွှင်ရွှင် တိုက်ထုတ်ကြတဲ့ ပွဲမှာ
ငိုနေရှာတဲ့ အဘသား အရူး တွေ ထဲ
ရာသီ အချိန်မီ လမ်းပွင့်ကြတဲ့ ဖရဲသီးလို
အမှန်မြင်ပါရင် လှသထက်တင့်မှာမို့
အပြေးလေးနဲ့အရောက်လာ ခေါင်းမပွင့်ဖို့ရာ
ကူး ပြောင်း စ ခေတ် အခြေ မှာ
ဂန်းကြမ်းတဲ့နှုန်းရယ် ဒရုန်းမိုးလေးရယ်
စစ်ရှုံးတပ်ကို ပြိုအောင် လှမ်းနှက်အုံး
ဒ ရု န်း ပြေး လေး ရယ်
စစ်ရှုံးအဘကို ငိုအောင် လှမ်းနှက်အုံး”