အီရန်နိုင်ငံဟာ ဧပြီလ ၁၃ ရက် ညပိုင်းမှာ အစ္စရေးနိုင်ငံ နယ်နိမိတ်ထဲကို ပထမဆုံးအကြိမ် ဒရုန်းနဲ့ ဒုံးကျည်ရာချီသုံးပြီး လက်တုံ့ပြန်တိုက်ခိုက်လိုက်ပါတယ်။
အစ္စရေးနိုင်ငံမှာ အချက်ပေးဥဩသံတွေ ဆူညံနေပြီး ဖောက်ခွဲရေးဒရုန်းတွေကို အစ္စရေး လေထဲမှာတင် ပစ်ခတ်ဟန့်တားတာကြောင့် ပေါက်ကွဲသံကြီးတွေကို ကြားနေရတယ်လို့ အစ္စရေးမှာရှိတဲ့ ရိုက်တာသတင်းထောက်က သတင်းပေးပို့ပါတယ်။
အသက် ၇ နှစ်အရွယ် မိန်းကလေးတဦး အပြင်းအထန်ဒဏ်ရာရရှိတယ်လို့လည်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
အီရန်ဟာ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် ဒါဇင်နဲ့ချီတဲ့ပြီး ပစ်လွှတ်ခဲ့ကာ အများစုကို အစ္စရေးနယ်စပ်မှာ တင်ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ် ဒန်နီယယ်ဟက်ဂါရီက ပြောပါတယ်။
ပဲ့ထိန်းဒုံးကျည် ၁၀ လုံးကျော် အပါအဝင် ဒရုန်းနဲ့ ဒုံးကျည်အရေအတွက် စုစုပေါင်း ၂၀၀ ကျော်သွားပြီဖြစ်ပေမဲ့ အစ္စရေးစစ်ဘက် အဆောက်အဦတွေကို အနည်းငယ်ပဲထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ နိုင်ငံသားတွေ ခိုလှုံဖို့ သတိပေးချက်ကို ပြန်လည်ပယ်ဖျက်ခဲ့တဲ့အတွက် တိုက်ခိုက်မှု လတ်တလော ပြီးစီးပြီလို့ ယူဆရပါတယ်။
ပြီးခဲ့တဲ့ဧပြီ ၁ ရက်က ဆီးရီးယားနိုင်ငံမှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် ထိပ်တန်းတပ်မှူး ၂ ဦး အပါအဝင် စစ်ဘက်တာဝန်ရှိသူ ၆ ဦး သေဆုံးခဲ့အပြီးမှာ အီရန်က လက်တုံ့ပြန်တာ ဖြစ်ပါတယ်။
အီရန်ဘက်က အခုလိုတိုက်ခိုက်အပြီးမှာ အစ္စရေးအစိုးရသာ နောက်ထပ် အမှားမျိုး ကျူးလွန်မယ်ဆိုရင် အီရန်ထက် ပိုဆိုးဆိုးရွားရွားတုံ့ပြန်မယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ အီရန် သံအဖွဲ့က ထုတ်ပြန်ပါတယ်။
အမေရိကန်လည်း ခပ်ဝေးဝေးမှာနေဖို့ အီရန်က သတိပေးလိုက်သလို ဒီကိစ္စကို ဒီမှာပဲ ပြီးပြတ်ပြီလို့ မှတ်ယူလိုက်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ အစ္စရေးနဲ့ အမေရိကန်ဘက်က ဒီတိုင်းငြိမ်နေဖို့ ရှိမနေပါဘူး။ အစ္စရေးအပေါ် ထောက်ခံမှုဟာ သံမဏိလိုခိုင်မာတယ်လို့ အမေရိကန်က တုံ့ပြန်ထားပြီး ဒေသတွင်းပဋိပက္ခဟာ ပိုမိုကျယ်ပြန့်လာဖို့ ရှိနေပါတယ်။ အခင်းဖြစ်အပြီးမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့ အရေးပေါ်ဖုန်းပြောခဲ့ပါတယ်။
အဲဒီနောက်မှာ အစ္စရေးဘက်က အမေရိကန်ရဲ့ ရပ်တည်ချက်ဟာ သံမဏိလို ခိုင်မာတယ်လို့ ဘိုင်ဒင်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
Source/Photo - REUTERS/Ayal Margolin