Home
မြန်မာသတင်း
UID လက်မှတ်မပါက နယ်စပ်ဖြတ်ကျော်ခွင့်မပြုဟု ကြေညာ
DVB
·
April 14, 2024
MyawaddyBridge_14042024

မေ ၁ ရက်ကစပြီး ဂဏန်းဆယ်လုံးပါဝင်တဲ့ UID လက်မှတ်မပါရင် နယ်စပ်ဖြတ်ကျော် သွားလာခွင့်မရှိဘူးဆိုပြီး စစ်ကောင်စီက ကြေညာထားတာကြောင့် နှစ်နိုင်ငံနယ်စပ်တွေမှာ ပုံမှန်သွားလာနေသူတွေကို အခက်အခဲတွေ ဖြစ်စေတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံတွေကို နယ်စပ်က ဖြတ်သန်းသွားလာမယ်ဆိုရင် UID ( Uinque Identification  Number) မပါရင် မေ ၁ ရက်ကစပြီး ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူးလို့ စစ်ကောင်စီဘက်က ဧပြီ ၄ ရက်မှာ ထုတ်ပြန် ကြေညာထားတာပါ။

လူထုရဲ့ ဒေတာအချက်အလက် အသေးစိတ်ကို မှတ်တမ်းတင်ထားတဲ့ စမတ်ကတ် မထုတ်ပေးခင် ဂဏန်းဆယ်လုံးပါတဲ့ UID လက်မှတ်ကို မဖြစ်မနေလုပ်ပြီးမှ နယ်စပ်ကို ဖြတ်သန်းသွားလာလို့ ရမှာဖြစ်တဲ့အတွက် ပုံမှန်သွားလာနေသူတွေ အခက်အခဲတွေ ရှိလာမှာပါ။

မြဝတီနယ်စပ်မှာတော့ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကတည်းက ထိုင်းနိုင်ငံ မဲဆောက်ဘက်မှာ ၁၄ ရက် နေထိုင်ခွင့်စာအုပ်ကို အဆင့်မြှင့်တင်ပေးထားပြီး smart card နဲ့ ဖြတ်သန်းသွားလာခွင့် ပြုထားတာလည်း ဖြစ်ပါတယ်။

နယ်စပ်ဖြတ်ကျော်ရာမှာ ယာယီ ၇ ရက် နေထိုင်ခွင့်လက်မှတ်ကိုတော့ UID နဲ့မှ ဖြတ်သန်းခွင့်က မေ ၁ ရက်မှ အသက်ဝင်မှာလည်း ဖြစ်ပါတယ်။ လာမယ့် မေ ၁ ရက်မှာတော့ ဘယ်လို နယ်စပ်ဖြတ်ကျော် နေထိုင်ခွင့်မျိုးကိုမဆို UID လက်မှတ်မပါဘဲ သွားလာလို့ မရတော့တဲ့အတွက် ခရီးသည်တင်ဆောင်ရာမှာ ရိုက်ခတ်မှုတွေ ရှိနိုင်တယ်လို့ မြဝတီ-မဲဆောက် လိုင်းကား ပြေးဆွဲနေတဲ့ မြဝတီမြို့ခံကားသမားတဦးက ပြောပါတယ်။

“အခုဟာက ပြီးခဲ့တဲ့ ၁ ရက်နေ့ကတည်းက ဆာဗာအသစ် ပြောင်းတယ်ဆိုပြီးတော့ နေပြည်တော်ကနေ အကုန်ဓာတ်ပုံတွေရော အသစ်ပြန်ရိုက်ရတယ်၊ အသစ်ပြန်ရိုက်တဲ့အခါမှာ မှတ်ပုံတင်နံပါတ် နေရာမှာ အင်္ဂလိပ်လို မဟုတ်တော့ဘဲ မြန်မာလို ဖြစ်သွားတာပေါ့။ လက်ရှိ အနေအထားကတော့ မှတ်ပုံတင်နဲ့ပဲ သွားလာနေတယ်ပေါ့။ မြဝတီ သန်းခေါင်စာရင်း ရှိတဲ့သူတွေကတော့ စာအုပ်လုပ်လို့ရတယ် ၁၄ ရက် နေလို့ရတယ်လေ။ ဒီစာအုပ်တွေကတော့ အကုန်လုံး စမတ်ကတ်တွေနဲ့ လုပ်ပေးတာပေါ့။ လက်ရှိကတော့ သွားလာနေတာပေါ့၊ နောက်ပိုင်းကတော့  ဘာဖြစ်လာမလဲဆိုတာတော့ ပြောလို့မရဘူးလေ၊ နည်းနည်းတော့ ရိုက်ခတ်မှာပေါ့။ ဒါပေမဲ့ သွားချင်တဲ့သူတွေကတော့ စမတ်ကတ်သွားလုပ်ဖို့ပဲ အရေးကြီးတာပေါ့။ တိုက်ပွဲမဖြစ်ခင် ၁ ရက်နေ့ကတည်းက လူက ကြပ်နေတာ၊ ဒီနေ့တော့ လူတော်တော်နည်းသွားတယ်။ ဒီနေ့ ကျနော် ၈ နာရီ ၉ နာရီ ဖြတ်လာတာ လူတော်တော်နည်းသွားတယ်။”

လက်ရှိ မြဝတီမြို့ကို  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်ထိန်းချုပ်ထားနိုင်တဲ့အတွက် မေ ၁ ရက်မှာတော့ စစ်ကောင်စီကြေညာချက်က အသက်ဝင် မဝင် စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။ 

တခြားနယ်စပ်ဂိတ်တခုဖြစ်တဲ့ တာချီလိတ် မယ်ဆိုင်မှာဆိုလည်းရင်း မေ ၁ ရက်အမီ UID လက်မှတ် တိုးကြိတ်လုပ်နေတဲ့သူတွေ နေ့စဉ် များပြားနေကြောင်းနဲ့ စောင့်ဆိုင်းရတဲ့ အခက်အခဲတွေအကြောင်းကို တာချီလိတ်မြို့ ဒေသခံတဦးက ပြောပါတယ်။

“အခုလောလောဆယ်က ရပ်ဝေးကနေလာကြတဲ့ ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်လုပ်တဲ့ သူတွေအတွက်ကတော့ အဓိကပေါ့။ အဲဒီလက်မှတ်လုပ်တဲ့သူတွေကတော့ UID လက်မှတ် ရှိမှရမယ်၊ UID ကတ်မရှိရင် တံတားကူးလက်မှတ်ကို သူတို့မလုပ်ပေးဘူး။ အခု UID မပါဘူးဆိုရင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် လုပ်ရတာ တော်တော်လေး အခက်အခဲဖြစ်တယ်။ဒါကတော့ မေ ၁ ရက်နေ့အထိပေါ့။ မေ ၁ ရက်နေ့ နောက်ပိုင်းမှာတော့ UID ပါမှပဲ လေယာဉ်စီးတာတွေ၊ ပတ်စပို့လုပ်တာတွေ၊ နယ်စပ်ဖြတ်သန်း လက်မှတ်လုပ်တာတွေ ခွင့်ပြုမယ်လို့ စကစဘက်က ကြေညာထားတာလည်း ရှိတယ်ပေါ့။ လက်ရှိကတော့ UID မပါလို့ အခက်အခဲ ဖြစ်နေကြတဲ့သူတွေ အများကြီးရှိနေကြတယ်။ နေ့စဉ် ဒီတာချီလိတ်မြို့မှာ တံတားကူးအစောင့်လုပ်တဲ့ ထိပ်မှာဆိုရင်လူတွေ တန်းစီပြီး ပြည့်နေတာပဲ မနက်အစောကြီးကနေ ညနေအထိပေါ့။”

တာချီလိတ်မှာတော့ နယ်စပ်ဖြတ်သန်းခွင့်က ၂ မျိုးရှိပြီး ယာယီဖြတ်သန်းခွင့်လက်မှတ်ကတော့ UID စာရွက် မဖြစ်မနေ လိုအပ်ပြီး တာချီလိတ်မြို့ခံတွေရဲ့ တနှစ်သက်တမ်းရှိတဲ့ စာအုပ်ကတော့ သက်တမ်းတိုးတာ အသစ်လဲတာလောက်ပဲ UID လက်မှတ် လိုအပ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ လူတယောင်ချင်းစီရဲ့ နောက်ဆုံး အချက်အလက်သိမ်းဆည်းထားတဲ့ eID - စမတ်ကတ်စနစ်ကို သွားဖို့ပြင်ဆင်နေတာဖြစ်ပြီး လူထုကို နောက်ယောင်ခံလိုက်ဖို့အတွက် အသုံးချနိုင်တယ်လို့ စောင့်ကြည့်တဲ့ အရပ်ဘက်အဖွဲ့တွေက ပြောဆိုထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013