Home
မြန်မာသတင်း
မင်းပြား မြို့မဈေးနှင့် ပုလဲမြို့နယ်၊ အိုင်ရောင်းရွာ မီးလောင်
DVB
·
April 14, 2024
MinBya MyotMa Market Fire 1_14042024
MinBya MyotMa Market Fire 2_14042024
Ei Young village Fire_14042024

ရက္ခိုင့်တပ်တော်(အေအေ) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်က မင်းပြားမြို့မဈေးဟာ ဧပြီ ၁၃ ရက်နေ့ ည ၁၁ နာရီမှာ မီးလောင်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အိုင်ရောင်းရွာမှာလည်း ဧပြီ ၁၃ ရက်နေ့ နေ့ခင်းပိုင်းက မီးလောင်ပြီး အိမ် ၁၀၀ ကျော် ပျက်စီးသွားပါတယ်။

ရခိုင်ပြည်နယ်က မင်းပြားမြို့မစျေးမှာ ဈေးဆိုင်ခန်း ၁,၀၀၀ နီးပါးလောက်ရှိပြီးတော့ မီးလောင်ကျွမ်းမှုကြောင့် ဈေးရဲ့ ၄၀ ရာခိုင်နှုန်းလောက် ပျက်စီးတယ်လို့ ဒေသခံတွေက ခန့်မှန်းကြပြီး ပျက်စီးသွားတဲ့ စျေးဆိုင်ခန်း အရေအတွက်နဲ့ ပျက်စီးဆုံးရှံးမှုတန်ဖိုးကို မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “မီးက ဈေးထဲကနေ လောင်လာတာ။ ဟင်းတန်း ငါးခြောက်တန်း၊ ငပိတန်းတွေဘက်ကို ကူးပြီးတော့ မီးကပြင်းလာတယ်။ မီးသတ်တာ အချိန်နည်းနည်းမြန်လိုက်လို့သာ ဒီလောက်နဲ့ ပြီးသွားတာ။ မီးသတ်ကားတွေကလည်း မီးလောင်တာနဲ့ ၁၅ မိနစ်လောက် ကြာတာနဲ့ ရောက်လာလို့သာ မီးအမြန်သေ(ငြိမ်း)သွားတာ။ ဒါတောင် ဈေးတခုလုံးရဲ့ ၄၀ ရာခိုင်နှုန်းလောက် မီးလောင်တဲ့အထဲ ပါသွားပြီ။ ဆိုင်ခန်းအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးတော့ အတော်များလိမ့်မယ်” လို့ ပြောပါတယ်။

မင်းပြားမြို့မဈေး မီးလောင်ကျွမ်းရတာနဲ့ ပတ်သက်ပြီး ရှို့မီးကြောင့်လား၊ ပေါ့ဆမီးကြောင့်လား ဆိုတာကို အတည်မပြုနိုင်သေးဘဲ ဈေးမီးမလောင်ခင် နာရီပိုင်းအတွင်းက လေယာဉ်သံတွေ ကြားလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “မီးက ရှို့မီးလား၊ ပေါ့ဆမီးလားတော့ ကျနော်တို့ မသိရသေးဘူး။ မီးမလောင်ခင်တုန်းကတော့ လေယာဉ်သံတွေတော့ ကြားရတယ်။ ဒရုန်းနဲ့လာပြီး ကြဲသွားတာလား၊ ဘာကြောင့် မီးလောင်သွားရတာလဲ ဆိုတာကို မသိရသေးဘူး။ မီးတော့ငြိမ်းသွားပေမဲ့ အကုန်လုံးက ကြောက်နေကြရတယ်။ ဘယ်အချိန်မှာ ဘယ်လိုထဖြစ်မှာလဲ ဆိုတာကို မသိရဘူး။ ဒီအချိန်ကြီးမှ ကောက်ကာငင်ကာ ထဖြစ်တာဆိုတော့ အတော်သတိထားရတယ်။ တခြားမြို့ထဲက အိမ်တွေလည်း မီးမလောင်နိုင်ဘူးလို့ မပြောနိုင်ဘူး” လို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော်က မင်းပြားမြို့ကို သိမ်းပိုက်ထားတဲ့အတွင်းမှာ မင်းပြားမြို့ပေါ်မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်အောင်နဲ့ ပြန်လည်စည်ပင်ရေးတို့အတွက် ဆောင်ရွက်နေပါတယ်။

လက်ရှိ ရခိုင်တိုက်ပွဲတွေတွင်းမှာ ပေါက်တောမြို့မဈေး၊ ပုဏ္ဏားကျွန်းမြို့မဈေးနဲ့ ရမ်းဗြဲမြို့က ရမ္မာဝတီမြို့မဈေးတို့ဟာ စစ်ကောင်စီရဲ့ လေတပ်၊ ရေတပ်နဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မီးလောင်ပျက်စီးကုန်ပြီးတော့ စျေး ၃ ခုလုံး ပျက်စီးသွားပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေကတော့ မင်းပြားမြို့မဈေး မီးလောင်ရတာနဲ့ပတ်သက်ပြီး အေအေက အခွန်ကောက်ခံမရလို့ ဈေးကို မီးရှို့သွားတာဖြစ်တယ်လို့ ဝါဒဖြန့်နေပါတယ်။

မင်းပြားမြို့မဈေး မီးလောင်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်တစုံတရာရရှိဖို့ စစ်ကောင်စီ ရခိုင်ပြည်နယ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်က အိုင်ရောင်းရွာမှာလည်း ဧပြီ ၁၃ ရက်နေ့ နေ့ခင်း ၁ နာရီလောက်က မီးလောင်ခဲ့ပြီး လူနေအိမ် ၁၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အိုင်ရောင်းရွာပအဖတာဝန်ရှိသူက “အဖွားအိုတဦး နေတဲ့အိမ်ကနေ စလောင်တာပါဗျ။ ပေါ့ဆမီးလို့ပဲ ပြောရမယ်။ မီးကြွင်း၊ မီးကျန်ကနေ စလောင်တယ်။ မီးလောင်နေတဲ့အချိန်မှာ နေကလည်းပြင်း၊ လေကလည်းတိုက်တော့ အခုလို အိမ်အလုံးအရေအတွက် အများကြီး လောင်သွားရတယ်။ မီးကတော့ ဒီနေ့ ဧပြီ ၁၄ ရက်နေ့အထိ ငြိမ်းသတ်နေရတုန်း” လို့ ပြောပါတယ်။

အိုင်ရောင်းရွာမှာ အိမ်ခြေ ၂၀၀ လောက်ရှိပြီး မီးလောင်သွားတဲ့ ဒေသခံတွေအတွက် နေထိုင်စရာနဲ့ စားသောက်ရေး ခက်ခဲနေတယ်လို့ သိရပါတယ်။

BNRA ‌သခင်ဒေါင်းညိုတပ်ရင်း တာဝန်ရှိသူ ကိုဒေးဗစ်က “မနေ့ကတည်းက ကျနော်တို့ မီးငြှိမ်းသတ်တာတွေ ကူညီပေးနေရတယ်ဗျ။ လတ်တလော ရွာသားတွေ စားသောက်ဖို့ရာ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စီစဉ်ပေးနေပါတယ်။ လူထိခိုက်သေဆုံးမှု၊ တိရစ္ဆာန် သေဆုံးမှုကတော့ မရှိပါဘူး” လို့ ပြောပါတယ်။

ပုလဲမြို့နယ်မှာ အခု ၂၀၂၄ ခုနှစ်အတွင်း မီးကြွင်း၊ မီးကျန်ကနေ ရွာမီးလောင်ကျွမ်းရတာဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပြီး ကျန်တဲ့ ရွာအများစု မီးလောင်ဆုံးရှုံးရတာကတော့ စစ်ကောင်စီတပ်က မီးရှို့လို့ ဖြစ်ပါတယ်။ 

ဓာတ်ပုံ- လက်ရှိ မင်းပြားမြို့မဈေး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013