မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်၊ ခရိုင်ထွေအုပ်ရုံးဝင်းထဲမှာရှိတဲ့ ခရိုင်တရားရုံးကို ဧပြီ ၁၃ ရက်နေ့မှာ လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး ဝန်ထမ်းကားတချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ကျိုက်ထိုမြို့လယ်ကောင်မှာရှိတဲ့ ခရိုင်တရားရုံးကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တာကြောင့် ဝန်ထမ်းကားတချို့ ပျက်စီးသွားပြီး ကျန်တဲ့ထိခိုက်မှုကို စုံစမ်းနေတယ်လို့ PDF တပ်ရင်း-၇၈၀၅၊ တပ်ခွဲ-၄၊ UG အဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“အဲဒီရုံးက အာဏာသိမ်းပြီး ခရိုင်တရားရုံး ပြောင်းလိုက်တာ။ အရင်က ဒီတိုင်း ပစ်ထားထားတာ။ ခရိုင်တရားရုံးထဲမှာ စစ်တပ်လုံခြုံရေး ယူထားသလို စစ်တပ်ဘန်ကာတွေလည်း ရှိတယ်။ အဲဒါကြောင့် တိုက်ခိုက်မှု လုပ်ခဲ့တာပါ။ ထိခိုက်မှုအခြေအနေကတော့ ဝန်ထမ်းကားအချို့ ပျက်စီးတယ်။ ကျန်တဲ့ထိခိုက်မှုကတော့ စုံစမ်းနေဆဲပါပဲ” လို့ ပြောပါတယ်။
ခရိုင်တရားရုံး ဗုံးပစ်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက မြို့တွင်းမှာ စစ်ဆေးနေပြီး လုံခြုံရေးလည်း တင်းကျပ်နေတယ်လို့ ကျိုက်ထိုမြို့ခံတယောက်က ပြောပါတယ်။
“မြို့လယ်ကောင်မှာ ဗုံးပစ်ခံရတော့ ရှယ်ပလန်နဲ့ စစ်တာပေါ့။ အဲဒီနေရာက ဌာနဆိုင်ရာဝန်ကြီး၊ CCTV တွေလည်း အများကြီးတပ်ထားတာ။ တညနေလုံး ရဲကားတွေ ပတ်နေသလို ၃ နေရာလောက်လည်း ခွဲပြီးစစ်နေတာ။ ဆိုင်ကယ်နဲ့ လာပစ်သွားလို့ ဆိုင်ကယ်စီးတဲ့သူတွေကို ပိုစစ်တာ” လို့ ပြောပါတယ်။
မြို့တွင်းစစ်ဆင်ရေးတွေ ပြုလုပ်မှာဖြစ်လို့ ပြည်သူတွေ မထိခိုက်စေဖို့အတွက် စစ်ကောင်စီ ကျင်းပတဲ့ သင်္ကြန်ပွဲတွေကို လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲတွေ မပြုလုပ်ဖို့၊ သင်္ကြန်အလည်အပတ် မသွားဖို့၊ စစ်ကောင်စီနဲ့ ဝေးဝေးနေဖို့နဲ့ စစ်ရေးပစ်မှတ်နေရာတွေကို မသွားဖို့ PDF တပ်ရင်း ၇၈၀၅၊ တပ်ခွဲ ၄ UG က ဧပြီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့က ကျိုက်ထိုမြို့၊ မြေစာရင်းရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေ့စား သန့်ရှင်းရေးဝန်ထမ်း ဒဏ်ရာရပြီး ရုံးအဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။