တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုမှာ ဒီနေ့ သင်္ကြန်အကြိုနေ့ မနက်ပိုင်းက လမ်းကင်းချနေတဲ့ စစ်ကောင်စီတပ်နဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အရာရှိအပါအဝင် ၁ ယောက်သေတယ်လို့ တောဗုံးကြီးအဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံတယောက်က ပြောပါတယ်။
ဧပြီလ ၁၃ ရက်နေ့ မနက် ၇ နာရီခွဲအချိန်မှာ ဘန်းလမွတ်ကျေးရွာနဲ့ ညောင်ပင်ကုန်းကျေးရွာကြားမှာ လမ်းကင်းချနေတဲ့ မော်တုန်းအခြေစိုက် အမတ ၃ဝ၆ တပ်ရင်းက စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်း ၂ လုံးဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။
ဒီမနက် မနက် ၈ နာရီခွဲမှာလည်း ဘန်းလမွတ်ကျေးရွာဘက်ကို ကား ၃ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကိုလည်း မိုင်း ၂ လုံးဆွဲပြီး ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
တောဗုံးကြီးအဖွဲ့ရဲ့ပြန်ကြားရေးတယောက်က “အရာရှိက အမိန့်ပေးပြီး ကင်းလိုက်ချတာမျိုး တွေ့ရတယ်။ ကားသွားလာလို့ရအောင် ကင်းချနေတာ။ သူတို့ လမ်းဘေးကတောစပ်တွေမှာ နေရာယူထားကြတယ်။ တပ်ချိန်းတာဖြစ်နိုင်တယ်” လို့ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်လုံးကို တနင်္သာရီပကဖ ဇုန် ၅ တောဗုံးကြီးအဖွဲ့နဲ့ ပုလောပကဖအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီအရာရှိ ၁ ယောက်နဲ့ တပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးတပ်ဘက်က ထိခိုက်မှုမရှိဘူးလို့လည်း ဆိုပါတယ်။
ဧပြီ ၁၀ ရက်နေ့ မနက် ၆ နာရီအချိန်လောက်ကလည်း ရမ်းဖိုရွာကနေ ဘန်းလမွတ်ကျေးရွာဘက်ကို ခြေလျင်စစ်ကြောင်းတက်လာတဲ့ စစ်ကောင်စီတပ်ကို တောဗုံးကြီးအဖွဲ့က တရက်တည်း မိုင်း ၃ ကြိမ်ဆွဲခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူတွေရှိခဲ့ကြောင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင် ဧပြီ ၁၂ ရက်နေ့ မနက် ၇ နာရီအချိန်မှာလည်း ကမ္မလိုင်းရွာအခြေစိုက် အမှတ် ၅၅၈ တပ်ရင်းအနီး လမ်းကင်းလာချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၂ ကနေ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားတာတွေ့ရပါတယ်။
တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်လာနိင်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိပြီး အသွားအလာဂရုစိုက်ကြဖို့ကိုလည်း တော်လှန်ရေးအင်အစုတွေက အသိပေးထား ပါတယ်။