မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ သင်္ကြန်ကာလအတွင်း စစ်ဆင်ရေးတွေ ပြုလုပ်ရင် ပြည်သူတွေမထိခိုက်စေဖို့အတွက် ပြည်သူတွေအနေနဲ့ သင်္ကြန်ပျော်ပွဲရွှင်ပွဲတွေမပြုလုပ်ဖို့ NUG လက်အောက်ခံ PDF တပ်ရင်း ၇၈၀၅၊ တပ်ခွဲ ၄ UG က ဧပြီ ၁၂ ရက်နေ့မှာ သတိပေး ထုတ်ပြန်ပါတယ်။
သင်္ကြန်ကာလအတွင်း ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ မြို့တွင်းစစ်ဆင်ရေးတွေ ပြုလုပ်မှာဖြစ်လို့ ပြည်သူတွေမထိခိုက်စေဖို့အတွက် စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်ပွဲတွေကို လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲတွေမပြုလုပ်ဖို့၊ သင်္ကြန်အလည်အပတ်မသွားဖို့၊ စစ်ကောင်စီနဲ့ ဝေးဝေးနေဖို့နဲ့ စစ်ရေးပစ်မှတ်နေရာတွေကို မသွားဖို့ တောင်းဆိုထားပါတယ်။
PDF တပ်ရင်း ၇၈၀၅၊ တပ်ခွဲ ၄ UG တာဝန်ရှိသူ တယောက်က “ကျနော်တို့ထုတ်ပြန်ရတဲ့ အကြောင်းရင်းကတော့ မြို့တွင်းမစ်ရှင်တွေ လုပ်တဲ့အခါကျရင် ပြည်သူတွေကို မထိခိုက်စေချင်လို့ပါ။ ကျနော်တို့ထုတ်ပြန်တဲ့အတိုင်း လိုက်နာဖို့လည်း မျှော်လင့်ပါတယ်” လို့ပြောပါတယ်။
သတိပေးချက်ကိုမလိုက်နာဘဲ စစ်ကောင်စီနဲ့အနီးနားမှာ ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီး ထိခိုက်မှုရှိလာရင် တာဝန်ယူသွားမှာမဟုတ်ဘူးလို့လည်း တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ သင်္ကြန်အကြိုနေ့မှာတော့ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ သင်္ကြန်ပွဲတော်အတွက် ပြည်သူတွေ မပူးပေါင်းတာကြောင့် စစ်ကောင်စီ မဏ္ဍပ်တွေမရှိသလို အသွားအလာတွေလည်း ရှင်းနေတယ်လို့ ကျိုက်ထိုမြို့ခံတယောက်က ပြောပါတယ်။
“ဗဟိုမဏ္ဍပ်လည်း မရှိသလို မြို့တွင်း ရန်ကုန်-မော်လမြိုင်လမ်းမပေါ်မှာလည်း မဏ္ဍပ်တခုတောင် မရှိဘူး။ အဲလိုမဏ္ဍပ်မရှိတာက ခုမှမဟုတ်ပါဘူး အာဏာသိမ်းပြီးကတည်းကပါ။ ဒီဘက်မှာ နှစ်ဖက်ပစ်ခတ်မှုတွေ၊ တိုက်ပွဲတွေလည်း ရှိတယ်။ မလုပ်တဲ့ပြည်သူတွေလည်း ရှိသလို လုပ်ရမှာကြောက်နေတဲ့ ပြည်သူတွေလည်း ရှိတယ်။ ပြည်သူတွေလည်း မလုပ်ရဲတာမဟုတ်ဘူး စစ်ကောင်စီတောင်မလုပ်ရဲဘူး” လို့ ပြောပါတယ်။
ကျိုက်ထိုမြို့နဲ့ဘီးလင်းမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီ သတင်းပေးတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း မကြာခဏ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီက အစစ်ဆေးကြမ်းနေပြီး ဆိုင်ကယ်နှစ်ယောက်စီးခွင့်လည်း ပိတ်ပင်ထားပါတယ်။