ဂျပန်၊ အမေရိကန်တို့နဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဖိလစ်ပိုင်က အာမခံချက်ပေးခဲ့တဲ့ စီးပွားရေး သဘောတူညီချက်တွေဟာ ဖိလစ်ပိုင်ရှိ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်မှာမဟုတ်ကြောင်း သမ္မတ ဖှာဒီနန် မားကို့စ် ဂျူနီယာက ဧပြီ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဂျပန်နဲ့ အမေရိကန်တို့နဲ့ ဖိလစ်ပိုင်က ချုပ်ဆိုထားတဲ့ ၃ နိုင်ငံသဘောတူညီချက်မှာ လုံခြုံရေးနဲ့ ကာကွယ်ရေးအပြင် စီးပွားရေးအကူအညီနဲ့ မိတ်ဖက်ဆက်ဆံရေးလို ကိစ္စရပ်တွေလည်း အကျုံး ဝင်ကြောင်းလည်း ဖိလစ်ပိုင်သမ္မတက အာမခံပါတယ်။
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်ဝမ်တို့ကြား အငြင်းပွားနေတဲ့ နယ်မြေဖြစ်တဲ့ အာယွန်းယင်း သောင်ခုံ အရေးကိစ္စကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ယုံကြည်မှုအပေါ် အခြေခံတဲ့ လူကြီးလူကောင်း သဘောတူညီချက်ကို ရရှိခဲ့တယ် ဆိုတဲ့ မနီလာမြို့ရှိ တရုတ်သံရုံးရဲ့ မကြာသေးခင်က အတည်ပြုချက်ကို မားကို့စ်ဂျူနီယာက ကိုးကားဖော်ပြခဲ့ပါတယ်။
အဲဒီသဘောတူညီချက်က ဘာလဲဆိုတာ မသိဘူးလို့ သမ္မတက အခိုင်အမာ ပြောကြားခဲ့ပေမဲ့ သဘောတူညီချက် ရှိထားကြောင်းကိုတော့ အသိအမှတ်ပြုခဲ့ပြီး သတင်းထောက်တွေကို စုံစမ်းဖို့ တွန်းအားပေးခဲ့ပါတယ်။
ပေကျင်းက သူ့ရဲ့တောင်းဆိုချက်တွေကို ဖိအားပေးနေတာကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာ မကြာခဏ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်လာခဲ့ပါတယ်။
မနီလာကလည်း အပြိုင်အဆိုင်ဖြစ်နေတဲ့ ကျွန်းသောင်ခုံ ၂ ခုမှာ ငါးဖမ်းခြင်းနဲ့ ဖိလစ်ပိုင် စစ်တပ် ဝန်ထမ်းတွေအတွက် ပြန်လည်ထောက်ပံ့ရေးလုပ်ငန်းတွေကို ရပ်တန့်ဖို့ ငြင်းဆိုထားပါတယ်။
တရုတ်နိုင်ငံကလည်း တရားမဝင် ကျူးကျော်မှုလို့ ယူဆပြီး သင်္ဘောတွေကို ချေမှုန်းဖို့ ကြိုးစားခဲ့ပါတယ်။
အခုသီတင်းပတ် ဝါရှင်တန်မှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မဟာမိတ် ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ အင်အားကိုရင်ဆိုင်ရာမှာ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေကို မြှင့်တင်ဖို့ ကျယ်ပြန့်တဲ့ သဘောတူညီချက်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
သောကြာနေ့ အစောပိုင်းကတော့ တရုတ်ဟာ ဂျပန်နဲ့ ဖိလစ်ပိုင် သံတမန်တွေကို ဆင့်ခေါ်ခဲ့ပြီး ကြာသပတေးနေ့ရဲ့ သုံးနိုင်ငံ ထိပ်သီး ဆွေးနွေးပွဲမှာ ထုတ်လွှင့်ခဲ့တဲ့ အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေအပေါ် မကျေနပ်မှုတွေ ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Source/Photo - Reuters