နိုင်ငံရေး၊ စီးပွားရေးအမြင်တူတယ်လို့ သိကြတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မက်စ်နဲ့ လစ်ဘာတေးရီးယန်းဝါဒီ အာဂျင်တီးနားသမ္မတ ဟာဗီးယားမီလေးတို့ တက်စ်လာ လျှပ်စစ်ကား ကုမ္ပဏီ ရုံးစိုက်ရာ တက္ကဆက်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဧပြီ ၁၂ ရက်က တွေ့ဆုံမှုမှာ လွတ်လပ်တဲ့စျေးကွက် (Free Markets) တွေ အားကောင်းရေးနဲ့ အာဂျင်တီးနားမှာ လစ်သီယံစီမံကိန်းအကောင်အထည်ဖော်ရေးဆွေးနွေးခဲ့ကြတယ်လို့ ရိုက်တာ သတင်းက ဖော်ပြပါတယ်။
လစ်ဘာတေးရီးယန်းဝါဒီတွေဟာ အများကြီးဝင်မစွက်တဲ့ အစိုးရ၊ တဦးတယောက်ချင်း တာဝန်ယူမှုနဲ့ လွတ်လပ်ခွင့်၊ လွတ်လပ်တဲ့စျေးကွက်တွေကို လိုလားသူတွေဖြစ်ပါတယ်။
မက်စ်နဲ့ မီလေးတို့ တက်စ်လာရုံးချုပ်မှာတွေ့ဆုံတဲ့အချိန် ကမ္ဘာတလွှား မွေးနှုန်း ကျဆင်း လာတာကို ပြန်တိုးအောင်လုပ်ဖို့ကနေ နည်းပညာဖွံ့ဖြိုးရေးအထိ ကဏ္ဍစုံဆွေးနွေးခဲ့တယ် လို့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အာဂျင်တီးနားမှာ ပြန်အားသွင်းနိုင်တဲ့ ဘက်ထရီတွေအတွက် အရေးပါတဲ့ လစ်သီယမ်သတ္တု ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘရာဇီးနိုင်ငံနဲ့ မက်စ်ရဲ့ X လူမှုကွန်ရက်တို့ အငြင်းပွားတဲ့ကိစ္စမှာ မက်စ်ဘက်က ထောက်ခံတယ်လို့ မီလေးက ပြောကြားခဲ့ပါတယ်။
ဘရာဇီးမှာ တရားရုံးချုပ်က ပိတ်ခိုင်းထားတဲ့ အကောင့်တွေကို မက်စ်က ပြန်ဖွင့်ပေးခဲ့တာကြောင့် ပြဿနာတက်နေတာ ဖြစ်ပါတယ်။
Source/Photo - Reuters