ရန်ကုန်မြို့လယ်က ဆူးလေဘုရားကို သင်္ကြန်တတွင်းလုံး ပိတ်ထားပြီး မြို့တော်ခန်းမနဲ့ ပြည်သူ့ရင်ပြင်က အဓိကမဏ္ဍပ် ၂ ခုအပါအဝင် မဏ္ဍပ်ပေါင်း ၂၀၀ ကျော်နဲ့ သင်္ကြန်ပွဲတော်ကို လုံခြုံရေးတင်းကျပ်ပြီး စစ်ကောင်စီက ကျင်းပနေပါတယ်။
ဆူးလေဘုရားမုခ်လေးမုခ်လုံးကို ပိတ်ထားပြီး ဘုရားပတ်တဲ့ ပလက်ဖောင်းတခုလုံးမှာ ရုပ်မြင်ကင်မရာတွေတပ်ထားကာ မြို့တော်ခန်းမအနီးတဝိုက်နဲ့ လမ်းလျှောက်သင်္ကြန် ကျင်းပရာ မဟာဗန္ဓုလလမ်းတလျှောက်မှာလည်း CCTV တွေကို တောက်လျှောက်တပ်ဆင်ထားပါတယ်။
ဒီနှစ်မဟာသကြန်ပွဲတော်မှာတော့ စစ်ကောင်စီသကြန်မဏ္ဍပ်တွေမှာ အရင်နှစ်ကလောက် စစ်ကောင်စီမိသားစုဝင်များနဲ့ စည်စည်ကားကားမရှိတာကိုတွေ့ရပါတယ်။
ရန်ကုန်သင်္ကြန်အကြိုနေ့ကတော့ စစ်ကောင်စီမဏ္ဍပ်တည်ရှိရာ မြို့တော်ခန်းမ တဝိုက်နဲ့ ပြည်သူ့ရင်ပြင်ရှေ့နားက ပြည်လမ်းတဝိုက်မှာသာ စည်ကားနေပေမဲ့ ရန်ကုန်မြို့က တခြားလမ်းမကြီးများကတော့ တိတ်ဆိတ်ခြောက်ကပ်နေတာကို တွေ့ရပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက တနှစ်ထက် တနှစ်လုံခြုံရေးကို တိုးမြှင့်ချထားပြီး အခုနှစ်မှာတော့ သကြန်မဏ္ဍပ်အနီးက ဆူးလေဘုရားကိုပါပိတ်ပြီး ကျင်းပလာတာ ဖြစ်ပါတယ်။