တူရကီတောင်ပိုင်း အန်တလ်ယာပြည်နယ်မှာ ဧပြီ ၁၂ ရက်မှာ ကေဘယ်လ်ကား တစီး တိုင်အကျိုး နဲ့ တိုက်မိမှုကြောင့် လူ တဦး သေဆုံးပြီး တခြား ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးနဲ့ ရုပ်သံလွှင့်ဌာနတွေက ဖော်ပြပါတယ်။
တူရကီပြည်ထဲရေးဝန်ကြီးက ရဟတ်ယာဉ်ပေါ်မှ ဒဏ်ရာရသူအချို့ကို လွှဲပြောင်းပေးနေတဲ့ ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ ဝေမျှခဲ့ပါတယ်။
ဒဏ်ရာရသူတွေကို အနီးနားရှိ ဆေးရုံတွေကို လွှဲပြောင်းကုသပေးခဲ့ပြီး ကေဘယ်လ်ကား ၂၄ စီးကတော့ လေထဲမှာ ရပ်တန့်လျက်သား ရှိနေခဲ့ကြောင်း ဆိုရှယ်မီဒီယာပလပ်ဖောင်း X က ကြေညာချက်မှာ အုပ်ချုပ်ရေးမှူးရုံးက ပြောကြားခဲ့ပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့တွေဟာ ကေဘယ်ကား ၇ စီးမှ လူအယောက် ၄၀ ကို ကယ်ထုတ်ခဲ့ပြီး တခြားကေဘယ်ကားတွေပေါ်မှာ သောင်တင်နေသူ ၁၃၄ ဦးကို ဆက်လက် ကယ်ထုတ်နေခဲ့ကြောင်း အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။
ကေဘယ်ကား ကြိုးတန်လိုင်းမှ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ရဟတ်ယာဉ်တွေနဲ့ တခြား ယာဉ်တွေကို အခင်းဖြစ်ပွားရာကို စေလွှတ်ထားပါတယ်။
အုပ်ချုပ်ရေးမှူးရုံး ၀က်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ ကေဘယ်လ်ကားတစီးမှာ အခန်းပေါင်း ၃၆ ခန်းပါရှိပြီး တခန်းကို လူ ၆ ဦး ဆံ့ပါတယ်။ ကေဘယ်လ်ကား စီးနင်းရာမှာ အန်တလ်ယာမြို့ ရဲ့ မြင်ကွင်းကျယ် မြင်ကွင်းတွေနဲ့အတူ တွန်နပ်တိပယ် တောင်ကုန်းပေါ် အဆောက်အဦအထိ စီးနင်းချိန် ၉ မိနစ် ကြာမြင့်ပါတယ်။
Source/Photo - Reuters