မလေးရှားနိုင်ငံ ကွာလာလမ်ပူဟိုတယ်မှာ ပြီးခဲ့တဲ့လက သေနတ် ၆ လက်နဲ့ ကျည်ဆန် ဒါဇင်ပေါင်းများစွာ ကိုင်ဆောင်ထားချိန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အစ္စရေးအမျိုးသားတဦးကို ကွာလာလမ်ပူတရားရုံးမှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ လက်နက်ကုန်ကူးမှု၊ သေနတ်လက်ဝယ်ထားရှိမှုတွေနဲ့ ဧပြီ ၁၂ ရက်မှာ တရားစွဲဆိုခဲ့ကြောင်း သူ့ရဲ့ရှေ့နေက ပြောပါတယ်။
သောကြာနေ့က ကွာလာလမ်ပူတရားရုံး အဆောက်အအုံ အနီးတဝိုက်မှာ လုံခြုံရေး တင်းကျပ်ထားပြီး အသက် ၃၈ နှစ်အရွယ် ရှာလွမ် အာဗီတန်ကိုလည်း ရဲတပ်ဖွဲ့ဝင် တဒါဇင်ကျော်က ဝန်းရံထားခဲ့ပါတယ်။
သေနတ် ၆ လက်ကို တရားမဝင် ရောင်းဝယ်ဖောက်ကားမှုနဲ့ ခွင့်ပြုချက်မရှိဘဲ ကျည်ဆန် ၁၅၈ တောင့်ကို လက်ဝယ်ပိုင်ဆိုင်ထားမှု စွဲချက် ၂ ခုတို့အတွက် သူ့မှာ အပြစ်မရှိကြောင်း လျှောက်လဲခဲ့တယ်လို့ သူ့ရဲ့ရှေ့နေ ဂျက်ဖရီ အူယီက ပြောပါတယ်။
အာဗီတန်ဟာ ပြင်သစ်နိုင်ငံကူးလက်မှတ်နဲ့ ယူအေအီးမှ မလေးရှားနိုင်ငံကို မတ် ၁၂ ရက်က ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
မတ် ၂၇ ရက်မှာတော့ ကွာလာလမ်ပူဟိုတယ်မှာ ရဲတပ်ဖွဲ့က လက်နက်တွေပါတဲ့ အိတ်နဲ့အတူ ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သူ့ကို မေးမြန်းစစ်ဆေးနေချိန်မှာ အစ္စရေးနိုင်ငံကူးလက်မှတ်ကို ထုတ်ပြခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters