ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်က ပင်လယ်ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်သူတွေဆီကနေ စစ်ကောင်စီတပ်က စက်လှေ ၁ စီးကို ကျပ် ၁ သိန်းစီ ငွေညှစ်နေတယ်လို့ ဒေသခံရေလုပ်ငန်း လုပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ဧပြီ ၁ ရက်မှ ဒီနေ့အထိ လပွတ္တာမြို့နယ်က ပင်လယ် ကမ်းနီးငါးဖမ်း စက်လှေတွေဆီကနေ စက်လှေ ၁ စီးကို ကျပ် ၁ သိန်းအထိ အကြောင်းပြချက်မပေးဘဲ မြေပြင်ကွင်းဆင်း တောင်းယူနေပြီး မဖြစ်မနေပေးနေရတာကြောင့် အခက်အခဲ ဖြစ်နေကြတယ်လို့ ဒေသခံရေ လုပ်သားတွေက ပြောပါတယ်။
“စစ်ကောင်စီတပ်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လာတောင်းတာ။ စက်လှေ ၁ စီးကို ၁ သိန်း မဖြစ်မနေကို ပေးနေရတာ။ တောင်းတဲ့ ငွေမပေးရင်း ငါးဖမ်းကိရိယာကို သိမ်းမယ်ဆိုလို့ရှာ ကြံပေးနေရတာ။ ဒါလေးနဲ့ လုပ်စားနေရတာ ဒါလေး အသိမ်းခံရမှာ ကြောက်လို့ပေါ့။” လို့ ကမ်းနီး ရေလုပ်သားတယောက်က ပြောပါတယ်။
လပွတ္တာမြို့နယ်မှာ ကမ်းနီးငါးဖမ်းစက်လှေ ၁၀၀ ဝန်းကျင် အထိရှိပြီး အရင်က ကမ်းနီးငါးဖမ်း စစ်လှေတွေဆီကနေ ငွေညှစ်တာမျိုးမရှိဘဲ စစ်တပ်အာဏာသိမ်းပြီးနောက် ကင်းလှည့်လာရင်း စစ်ကောင်စီတပ်က မကြာခဏဆိုသလို ငွေညစ်တာ၊ ငါးခြောက်တွေ၊ ငါးတွေပါ ယူသွားတာတွေ လုပ်တယ်လို့ ဆိုပါတယ်။
“အုပ်ချုပ်ရေးမှူး ၁ ယောက်ပြောတာကတော့ အထက်ကို ပေးတာလို့ပြောတာပဲ။ ဘယ်အထက်လဲတော့ မသိဘူး ၊ သူတို့ စကားပဲ။ အခု ကမ်းနီးငါးဖမ်း စက်လှေငယ် ၁ စီးကို ကျပ် ၁ သိန်းအထိကို ပေးနေရတာမှန်တယ်။ အလုပ်တွေ လုပ်ရတာက ရာသီဥတုဖောက်ပြန်လို့ ငါးတွေ မတွေ့တဲ့အထဲ အခုလိုပေးရတော့ ကိုယ်သုံးရမယ့်ငွေ မသုံးရဘူးဖြစ်နေယ်။ ဒီခေတ်ထဲမှာ ကုန်ဈေးနှုန်းတွေက အရမ်းတက်နေတာ၊ စားဖို့တောင်အနိုင်နိုင်ရှာနေရတဲ့ အထဲ၊ ကိုယ့်လုပ်အား ကိုယ်မစားရတဲ့ ဘဝဖြစ်နေတာ” လို့ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
လပွတ္တာမြို့နယ်မှာ စစ်ကောင်စီတပ်က အခုလို ငွေညှစ်တာဟာ ဒေသခံ ရေလုပ်သားတွေအပေါ် မင်းမဲ့ စရိုက်ဆန်ဆန် ခြိမ်းခြောက်ငွေညစ်တာဖြစ်ပြီး ငါးဖမ်းစက်လှေ ၁၀၀ ဝန်းကျင် ရှိတဲ့အထဲ ငွေပေးနေရတဲ့သူ များတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း စက်လှေတွေက ရေလုပ်သားတွေအနေနဲ့ ရာသီဥတု အခြေအနေအရ ကမ်းကပ်ညအိပ် တည်းခိုတဲ့အခါ ရေကင်းကဧည့်စာရင်း ထောက်ခံစာ အတွက် ကျပ် ၁၀,၀၀၀ အထိ ပေးဆောင်ရသေးတယ်လို့ သိရပါတယ်။