Home
နိုင်ငံတကာ
ဗီယက်နမ် အိမ်ခြံမြေသူဌေးအမျိုးသမီး ၁ ဦး ဒေါ်လာ ၁၂ ဘီလီယံ အလွဲသုံးစားမှုဖြင့် သေဒဏ်ချခံရ
DVB
·
April 12, 2024
viet world 1242024

ဗီယက်နမ် အိမ်ခြံမြေလုပ်ငန်းရှင် အမျိုးသမီး ဘီလျံနာသူဌေးကြီး ထရောင်မိုင်လန်း ဟာ ဗီယက်နမ် ဒေါင် ၃၀၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၆ ဘီလီယံ) အလွဲသုံးစားမှုနဲ့ ဧပြီ ၁၁ ရက်မှာ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ဗန်သင်ဖတ် ဦးပိုင်အုပ်စုရဲ့ ဥက္ကဋ္ဌဖြစ်သူဟာ အလွဲသုံးစားလုပ်မှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ ဘဏ်စည်းမျဉ်းတွေ ချိုးဖောက်မှုတို့အတွက် အပြစ်ရှိတယ်လို့  ရုံးတော်က ဆုံးဖြတ်ခဲ့ပါတယ်။

ဂျူရီလူကြီး ၃ ဦးနဲ့ တရားသူကြီး ၂ ဦး ပါဝင်တဲ့ အဖွဲ့က ထရောင်မိုင်လန်းရဲ့ ခုခံချေပမှု အားလုံးကို ပယ်ချခဲ့ပါတယ်။

၅ ပတ်ကြာမြင့်တဲ့ ရုံးတင်စစ်ဆေးမှုမှာ တခြားလူ ၈၅ ဦးကိုလည်း လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးမှုကနေ ဘဏ်ဥပဒေချိုးဖောက်မှု စွဲချက်အမျိုးမျိုးနဲ့ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။

လန်းကတော့ စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပြီး သူ့လက်အောက်ငယ်သားတွေရဲ့ လုပ်ဆောင်မှုသာ ဖြစ်တယ်လို့ ချေပခဲ့ပါတယ်။

လန်းနဲ့ အပေါင်းအပါတွေဟာ ဆိုင်ဂုံကူးသန်းရောင်းဝယ်ရေးဘဏ် (SCB) ကနေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံကျော် တရားမဝင်နည်းနဲ့ ထုတ်ယူခဲ့ပြီး တဆင့်ခံ လုပ်ငန်းအများအပြားကတဆင့် ထိန်းချုပ်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ထုတ်ပြန်ပါတယ်။

ဒီလို ငွေကြေးအလွဲသုံးစားမှုမျိုးမှာ သေဒဏ်အထိ အပြစ်ပေးတာဟာ ဗီယက်နမ်လို ကွန်မြူနစ်နိုင်ငံမျိုးမှာတောင် ရှားပါးတဲ့ကိစ္စ ဖြစ်ပါတယ်။

ကွန်မြူနစ်ပါတီခေါင်းဆောင် ငုယင်ဖူထရောင်က တနိုင်ငံလုံးအတိုင်းအတာနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံချက်နဲ့ လုပ်ဆောင်နေတဲ့အချိန်မှာ အစိုးရတာဝန်ရှိသူတွေသာမက စီးပွားရေးလုပ်ငန်းက ပုဂ္ဂိုလ်တွေအပေါ်ပါ သက်ရောက်မှု ရှိလာတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024