Home
မြန်မာသတင်း
ဖယ်ခုံတွင် စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ
DVB
·
April 12, 2024
bomb 1242024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း-ကယား(ကရင်နီ)နယ်စပ်၊ ဖယ်ခုံမြို့ထဲက ကျေးရွာတွေထဲကို ဧပြီ ၁၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်လောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးသီးအပါအဝင် ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၄ နှစ်အရွယ် ယောက်ျားလေးတဦးနဲ့ အသက် ၆၀ ဝန်းကျင် အဘွားအိုတဦး အူထွက်ကျ၊ ဦးနှောက်ပွင့်ထွက် ဒဏ်ရာတွေရရှိကာ နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေးတဦးကတော့ ဆေးရုံကို ပို့ဆောင်စဉ်မှာပဲ ထပ်မံသေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၅ ဦးအထိ ရှိခဲ့တာလို့  ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေနဲ့ နီးစပ်သူတဦးက “ဘယ်လိုပြောရမလဲ အဘွားနဲ့ ကလေးငယ်ငယ်က အိပ်နေတာ၊ ပထမတလုံးကျတော့ ​အိမ်နဲ့လှမ်းတယ်၊ အဲမှာ ကမ္ဘာကျင်း (ဗုံးခိုကျင်း) မရှိတော့ အိမ်အောက်ထပ်ထဲကို ပြေးတာ၊ နောက်တလုံးကျတော့ အိမ်နဲ့ ကပ်လျက် ရေတွင်းဘေးကိုကျတာ၊ အဘွားရော ကလေးငယ်ငယ်လေးရော ဆုံးသွားတယ်။ ဉီးနှောက်တွေဆို ဟိုး မျက်နှာကြက်အထိ စင်တယ်။ နောက်ထပ် ကလေး ၁၂ နှစ်အရွယ်က ဆေးရုံကိုပို့ရင်းနဲ့ပဲ ဆုံးသွားတယ်။ စစ်တပ်ကိုမေးချင်တယ်၊ ငါတို့ဘာသာနေတာလေ၊ ဒီမှာ ဘာကောင်မှမရှိတာကို ဘာလို့ အဲလိုလုပ်ရတာလဲ၊ ပြည်သူတွေကိုလုပ်တာ မကောင်းဘူးလေ” လို့ DVB ကို ပြောပါတယ်။

ပေါင် ၅၀၀ ဗုံးကြောင့် နေအိမ်နဲ့ အုတ်တံတိုင်းတွေ ပျက်စီးသွားသူတဦးကလည်း “အကုန်လုံးက အိပ်ကြတော့မယ့်အချိန်ပါ။ အဲမှာ လေယာဉ်က ဝုန်းဆိုပြီး ရောက်ချလာပြီး ကြဲတာ၊ ဒီမှာ ၂ လုံးကြဲတယ်၊ ပြီးတော့ ဟိုဘက်မှာ ၂ လုံး၊ တော်သေးတာက ဗုံးသီးက ခေါင်း ဟိုဘက်လှည့်ပြီး ကျသွားလို့၊ မဟုတ်ရင် ကျနော်တို့အကုန် အသေပဲ။ အခုကြဲချလို့ ကာလတန်ဖိုး ငွေကျပ် သိန်း ၁၀၀-၁၅၀ လောက် ဆုံးရှုံးတယ်၊ တကယ်တော့ အဖိုးမဖြတ်နိုင်ပါဘူး။ ကျနော့်အဖေနဲ့ အမေက မစားရက် မသောက်ရက် စုဆောင်းပြီး ဒီအိမ်ကို ဆောက်ထားရတာ။ သူတို့(စစ်ကောင်စီ) ပြန်ပေးဆပ်ရမှာပါ” လို့ DVB ကို ပြောပါတယ်။

အခုလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသူ အနည်းငယ်ရှိနေပြီး တိုက်ခိုက်မှုမှာ အဆောက်အဦ ၃ လုံး၊ သောက်ရေတွင်းတတွင်း ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ မတ် ၂၂ ရက်ကလည်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံနေရာဟောင်း တခုကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးသီး အပါအဝင် ၆ လုံး ၃ ကြိမ် ကြဲချခဲ့တာကြောင့် အသက်မပြည့်သေးသူတဦး အပါအဝင် ဒေသခံ စစ်ရှောင်ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီက ဒီးမော့ဆို၊ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံမြို့တွေကို ၂၀၂၄ ဧပြီလ အစကတည်းက လေကြောင်းတိုက်ခိုက်မှုတွေ ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013