ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အရှေ့ပြင်ရပ်ကွက်မှာ မီးလောင်ပြီး လူနေအိမ် ၂၁ လုံး ဆုံးရှုံးခဲ့ကြောင်း မင်းတပ်မြို့ခံတွေဆီက သိရပါတယ်။
ဧပြီ ၁၁ ရက် နေ့လယ် ၂ နာရီခွဲကစလို့ မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက် မီးသတ်ကုန်းမှာ မီးလောင်မှုဖြစ်ပွါးပြီး ညနေ ၆ နာရီခွဲမှ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်တဲ့ အိမ်တွေအနီးမှာ စစ်ကောင်စီတပ်သားတွေက မြေမြုပ်မိုင်းတွေ ထောင်ထားတဲ့အတွက် ပြည်သူတွေ သွားရောက် မီးမငြှိမ်းနိုင်ဘဲ မီးလောင်ပျက်စီးမှုများသွားတာလို့ သိရပါတယ်။
မင်းတပ်မြို့ခံ တဦးက “မီးကတော့ ဘယ်ကစလောင်တယ် မသိကြဘူး၊ တောမီးလို့လည်း ပြောကြတယ်၊ အိမ်တွေနားမှာ စကစဘက်က နင်းမိုင်းတွေ ထောင်ထားတော့ မီးငြိမ်းမယ့်သူတွေ မသွားလာရဲကြတော့ မီးကူးမြန်သွာရတာ၊ မီးလောင်တဲ့နေရာနဲ့ မီတာ ၁၀၀ အကွာလောက်မှာ စစ်သားတွေ တပ်စွဲထားပြီး ဂိတ်စောင့်ကြတယ်လေ၊ အိမ်ရှင်တွေကလည်း စစ်သားတွေ တပ်စွဲတဲ့နေရာနဲ့ နီးတော့ ခဏခဏတိုက်ပွဲဖြစ်လို့ မနေရဲကြတာ” လို့ ပြောပါတယ်။
မီးလောင်ကျွမ်းသွားတဲ့ နေအိမ်ပိုင်ရှင်တွေဟာ မင်းတပ်မြို့ကနေ တခြားနယ်တွေဘက် သွားရောက်စစ်ဘေးတိမ်းရှောင်ကြရတာ ၃ နှစ်နီးပါးရှိပြီလို့ သိရပါတယ်။