မွန်ပြည်နယ် သထုံမြို့နယ်မှာ ဧပြီ ၁၀ ရက် ညက လေပြင်းတွေတိုက်ခတ်ခဲ့လို့ လူနေအိမ်တွေပျက်စီးသွားသလို နောင်ဘိုကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ဆိုင်ကယ်စီးလာတဲ့ လင်မယား ၂ ဦးအပေါ် သစ်ပင် လဲကျပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ပီတိနှလုံးသားလူမှုကယ်ဆယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ဧပြီ ၁၀ ရက် ည ၇ နာရီခွဲခန့်က လေပြင်းတိုက်ခိုက်တာကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း ဘေးရှိ ကျွန်းပင်လဲကျပြီး ဆိုင်ကယ်နဲ့လာတဲ့ လင်မယား ၂ ဦးပေါ် ပိမိခဲ့လို့ ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပီတိနှလုံးသားလူမှုကယ်ဆယ်ရေးအသင်းက"ညကလေပြင်းတိုက်တဲ့အရှိန်ကြောင့် ကျွန်းပင်က သူတို့ လင်မယား ၂ ဦးပေါ် ပိသွားတာ။ အမျိုးသားက ပွန်းပဲ့ဒဏ်ရာလောက်ပဲဆိုပေမဲ့ အမျိုးသမီးကတော့ ခေါ်လို့မရတော့ပဲ သတိလစ်သွားတယ်။ အခုတော့ သတိပြန်ရပါပြီး။ နှစ်ဦးလုံး ဒဏ်ရာအခြေအနေက မစိုးရိမ်ရတော့ပါဘူး" လို့ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ လင်မယား ၂ ဦးကို ပီတိနှလုံးသားလူမှုကယ်ဆယ်ရေးအသင်းက သိမ်ဆိပ် တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
သထုံမြို့နယ်မှာ ဧပြီ ၁၀ ရက် ညက လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးခဲ့ပြီး သစ်ပင်အများအပြားလည်း ကျိုးကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။