ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ပေါ် ရပ်ကွက်တွေက နေအိမ်တွေမှာ နေ့စဥ်ရက်ဆက် ဖောက်ထွင်းခံရမှု၊ ခိုးမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ စစ်တွေမြို့ပေါ်ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ ဒေသခံတွေ သောင်းနဲ့ချီပြီး ရန်ကုန်အပြင် ပေါက်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့ ရက္ခိုင့်တပ်တော်ထိန်းချုပ်ရာ နယ်မြေတွေကိုပါ တိမ်းရှောင်နေတာကြောင့် မြို့ပေါ်ရပ်ကွက်တွေက လူမနေတဲ့အိမ်တွေကို ဖောက်ထွင်းတာအပြင် သူခိုး ခိုးတဲ့ အန္တရာယ်တွေကို ကြုံတွေ့နေရတယ်လို့ ကျောင်းကြီးလမ်းရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။
“နေ့ခင်းဘက်တွေမှာဆို ကားတွေနဲ့ လာကြပြီးတော့ တအိမ်ဝင်တအိမ်ထွက်ပြီး အုပ်စုလိုက် ခိုးနေကြတာ၊ လူအင်အားကလည်း များတယ်။ ပြီးတော့ လက်နက်တွေလည်း ပါကြတော့ ဘယ်သူမှ မပြောရဲကြဘူး။ လူမရှိတဲ့အိမ်တွေက တံခါးတွေ၊ ပြတင်းပေါက်တွေပါ မကျန်ဘူး။ တအိမ်လုံးမှာ ရှိသမျှကို အကုန်တင်ပြီးတော့ ခိုးနေကြတာ။ ရဲကိုတိုင်ရင်လည်း ဘာမှမလုပ်ပေးဘူး။ ဒီအတိုင်း ကြောက်လို့ ငြိမ်နေကြရတယ်။”
စစ်တွေမြို့ပေါ်က ပြည်သူအများစု ကျန်ရှိနေသေးပေမဲ့ စစ်ကောင်စီဟာ ပြည်သူတွေကို ခရီးသွားလာခွင့်နဲ့ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို ပိတ်ထားတာကြောင့် အစားအစာ ပြတ်လပ်မှု၊ ငွေကြေးပြတ်လပ်မှု၊ အလုပ်အကိုင် မရှိတာတွေအပြင် ကုန်ပစ္စည်းတွေ အဆမတန် ဈေးတက်တာတွေကြောင့် ဖောက်ထွင်းတာ၊ ခိုးတာတွေကို ပိုလုပ်လာကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ခရီးလည်း သွားလို့မရ၊ ပစ္စည်းလည်း သယ်လို့မရ၊ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ သူတွေကိုပါ ဖမ်းတာ၊ သတ်တာတွေပါ လုပ်နေတော့ လူတွေအကုန်လုံးက ငတ်လာကြတယ်။ ငတ်တော့ ခိုးကြတယ်၊ လုကြတယ်။ ကုန်ဈေးနှုန်းကလည်း ၁၀ ဆလောက် ထိုးတက်နေတော့ မစားမသောက်ဘဲ မနေနိုင်ဘူးလေ။ ခိုးတာ ဖောက်တာတွေကိုလည်း အရေးယူတာတွေ မလုပ်ရဲတော့ ပိုဆိုးလာတာပေါ့။”
လက်ရှိ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပေမဲ့ ကုန်းကြောင်း၊ ရေကြောင်း ထွက်လမ်းတွေကိုပါ ပိတ်ထားပြီး ဒေသခံအများစုမှာ အစားအစာပြတ်လပ်တာ၊ ကုန်ပစ္စည်းပြတ်လပ်တာတွေနဲ့ ကြုံတွေ့နေရပါတယ်။
ဖေဖော်ဝါရီ ၂၉ ရက်မှာ စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံးပြီး ပြည်သူ ၃၀ ကျော် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် မတ် ၉ ရက်မှာ စစ်ကောင်စီက စစ်တွေမြို့ပေါ်က ကသဲရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရက္ခိုင့်တပ်တော်က စစ်တွေ၊ ကျောက်ဖြူ စတဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေတွေကနေ ရခိုင်ပြည်သူတွေ အလျင်မြန်ဆုံး တိမ်းရှောင်ကြဖို့နဲ့ ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာ နယ်မြေတွေမှာ လာရောက်ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။