လတ်တလောမှာ တော်လှန်ရေးတပ်တွေဘက်က စစ်ရေးအောင်မြင်တိုးတက်မှုတွေအပေါ် မြန်မာလူထုက ပျော်ရွှင်တက်ကြွလာကြသလောက် နိုင်ငံတကာကတော့ စေ့စပ်ညှိနှိုင်းပေးနိုင်ဖို့ ပိုပြီး အားထုတ်လာနေပါတယ်။
အထူးသဖြင့်တော့ တရုတ်နဲ့ ထိုင်းဘက်က ပိုပြီးမြင်သာတဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာ အထောက်အကူပေးရေးဆိုတဲ့ ခေါင်းစဉ်အသီးသီးအောက်ကနေ လုပ်လာတာမျိုးပါ။ ထိုင်းဝန်ကြီးချုပ်က မြန်မာစစ်ကောင်စီဟာ အင်အားချည့်နဲ့ လာနေတာကြောင့် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ အချိန်ကောင်းဖြစ်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ကမ္ဘောဒီးယားက ဟွန်ဆန်ကလည်း သူ့အနေနဲ့ စကစကို ဆွေးနွေးမယ်လို့ ဆိုတယ်။
ကုလသမဂ္ဂကလည်း လက်ထောက်အတွင်းရေးမှူးချုပ်တဦးဖြစ်တဲ့ ကုလသမဂ္ဂ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးဌာန (United Nations Department of Safety and Security-UNDSS) ရဲ့ အကြီးအကဲ Mr. Gilles Michaud အနေနဲ့ စစ်ကောင်စီ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နေပြည်တော်မှာ သွားတွေ့ခဲ့ပါတယ်။ အဲဒီလိုပဲ မြန်မာ့အရေး အထူးသံတမန်အဖြစ် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ပ်ကို ခန့်အပ်လိုက်ပါတယ်။
ဒီအနေအထားတွေက နိုင်ငံရဲ့ အနေအထားဟာ လုံခြုံရေးအရ အစွမ်းကုန် စိုးရိမ်စရာ အနေအထား ဖြစ်နေတယ်၊ နိုင်ငံတကာအနေနဲ့ ဒီအတိုင်း လွှတ်ပေးထားလို့ မဖြစ်တော့ဘူး ဆိုတာကို သတိပြုမိနေကြောင်း ဖော်ပြနေပါတယ်။ သူတို့စိုးရိမ်နေကြတာက တော်လှန်ရေးကနေ နိုင်ငံရေးအခင်းအကျင်းသစ်ကို ဘယ်လောက်ချောချောမွေ့မွေ့ ရွေ့နိုင်ကြမလဲဆိုတာ ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်ရေး အသာရမှုသက်သက်နဲ့ နိုင်ငံရေးအခင်းအကျင်းသစ်ဆီ ဗြုန်းစားကြီး သွားလို့မရတဲ့အတွက် ဆွေးနွေးဖို့ဆိုတာကို ပြောကြတာဖြစ်ပြီး စကစကို အနာဂတ်အတွက် အာဏာရှယ်ယာရနိုင်တဲ့ အစုအဖွဲ့အနေနဲ့ သူတို့ကိုယ်တိုင်က သဘောထားနေသေးတာမျိုးလို့ မယူဆနိုင်ပါဘူး။ စကစ လက်လျေှာ့ရတော့မယ့် အနေအထားမို့ အာဏာလေဟာနယ်အတွက် ဆွေးနွေးမှုတွေ လိုအပ်တယ်၊ အဲလိုမဟုတ်ရင် လုံခြုံရေးဆိုင်ရာ အဆိုးဆုံး အနေအထားတွေ ဖြစ်လာမယ်လို့ တွေးပူမှုမျိုးကို အခြေခံပြီး ပြောလာတဲ့ ဆွေးနွေးညှိနှိုင်းမှုမျိုးလို့ ယူဆနိုင်ပါတယ်။ ဒု-ကာချုပ်ရဲ့ လတ်တလောသတင်းတွေအရ နိုင်ငံကြီးတချို့ကလည်း ထင်တာထက် မြန်ဆန်တဲ့ လက်လျေှာ့လာရမှုမျိုး စကစဘက်မှာ ဖြစ်လာနိုင်တယ်လို့ ကြိုတွက်နေတာတွေ ရှိလာနေပါပြီ။
ဒီအချိန်မှာ တော်လှန်ရေးကို နိုင်ငံရေးအရ ဦးဆောင်နေတယ်ဆိုတဲ့ အန်ယူစီစီရဲ့ ပြည်သူ့ညီလာခံမှာတော့ တော်လှန်ရေးနိဂုံးပိုင်းအတွက် ဘယ်လိုပြင်ဆင်ထားသင့်တယ် ဆိုတာမျိုး၊ စစ်ကောင်စီ အာဏာလက်လွှတ်ချိန်အတွက် လိုအပ်တဲ့ အုပ်ချုပ်ရေးလေဟာနယ်နဲ့ တရားဥပဒေစိုးမိုးမှုတွေအတွက် လက်နက်ထိန်းချုပ်မှု အပါအဝင် အသေးစိတ် ပြင်ဆင်မှုဆိုင်ရာ ဆိုတာမျိုး ဆုံးဖြတ်ခဲ့တာကို မတွေ့ရပါဘူး။
‘မြေပြင်အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားများ (ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ စနစ်တကျ လုပ်ဆောင်နိုင်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများအကြား ဟန်ချက်ညီ လုပ်ဆောင်နိုင်သော ယန္တရားများအဖြစ် သုံးသပ်ပြင်ဆင်တည်ဆောက်ရန်’ ဆိုတဲ့ ယေဘုယျဆန်တဲ့ ဆုံးဖြတ်ချက်ပဲ တွေ့ရပါတယ်။ ရှိနှင့်ပြီး ယန္တရားကို အုပ်ချုပ်ရေး-တရားစီရင်ရေး လေဟာနယ်တွေအတွက် ဘယ်လိုအသုံးချသွားမယ် ဆိုတာထက် ‘သုံးသပ်ပြင်ဆင်တည်ဆောက်’ ဖို့ အဆင့်မှာပဲ ရှိနေသေးပြီး ခုနေ စကစက အာဏာစွန့်ရင်တောင် ဒီဘက်က အဆင်သင့်မဖြစ်သေးသလို ဖြစ်နေပါတယ်။ ဒီအနေအထားကို နိုင်ငံတကာက သိပ်စိုးရိမ်နေတာပါ။
စစ်မှုမထမ်းမနေရဥပဒေ အရေးမှာလည်း စကစဘက်က ဗျူဟာအတိုင်း အရွေ့တွေကို အကောင်အထည် ဖော်နေတာရဲ့ သက်ရောက်မှုဟာ ပြည်တွင်းနေလူထုကိုသာမက အိမ်နီးချင်းတွေထိပါ ထိခိုက်နေပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ အနေအထားဟာ လုံခြုံရေးအရ အစွမ်းကုန် စိုးရိမ်စရာ အနေအထားလို့ နိုင်ငံတကာက သဘောထားနေပေမဲ့ ညီလာခံ ဆုံးဖြတ်ချက်ကတော့ ‘လူထုနှင့် တော်လှန်ရေး အင်အားစုအသီးသီး ပူးပေါင်း၍ မဟာဗျူဟာမြောက် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရန်’ ဆိုတဲ့ အနေအထားမှာပဲ ရှိနေပါတယ်။ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတဲ့ အသေးစိတ် စဉ်းစားပြင်ဆင်ထားတာမျိုး မဖော်ပြထားပါဘူး။ ကူချင်တဲ့ နိုင်ငံတကာအတွက် ဘယ်လိုကူနိုင်တယ်ဆိုတာမျိုး မပြောပြထားနိုင်ပါဘူး။
ဒါ့အပြင် ခုမှ ‘ဘုံနိုင်ငံရေးသဘောတူညီမှုများ ရနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများ အားလုံးနှင့် ထိတွေ့ဆွေးနွေးမှုများကို အမြန်ဆုံး လုပ်ဆောင်သွားရန်’ ဆိုတဲ့ အကြံပြုချက်ကို မှတ်တမ်းတင်ထားတုန်း အနေအထားမှာပဲ ရှိနေသေးတာကိုလည်း တွေ့ရပါတယ်။ ကျန်အကြံပြုချက်တွေထဲမှာလည်း ပြည်ထောင်စု စုဖွဲ့မှု၊ ဗမာပြည်နယ် ဖွဲ့စည်းရေး၊ ရိုဟင်ဂျာ လူမျိုးများဆိုင်ရာ မူဝါဒ၊ အခြား လူ့ရပိုင်ခွင့်ဆိုင်ရာ မူဝါဒ စတဲ့ တော်လှန်ရေးအလွန် နှစ်ဘူတာအရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေချည်း ဖြစ်နေပါတယ်။
ဒီတော့ နိုင်ငံတကာကပဲ ကွက်ကျော်တွေတွက်ကာ စကစအုပ်ချုပ်ရေးကို အဆုံးသတ်လိုက်ဖို့ ဇွတ်ဆွေးနွေးညှိနှိုင်းစေချင်နေကြသလို ဖြစ်နေတာလား၊ လူထုကပဲ စစ်ရေးအနေအထားကို စိတ်ကြီးဝင်မိပြီး စကစအလွန် နိုင်ငံရေးအခင်းအကျင်းအတွက် အကောင်းမြင်လွန်းနေကြတာများလား ဆိုတာမျိုး စဉ်းစားစရာ ဖြစ်ရပါတယ်။ စစ်ရေးမှာ ရွေ့နေသလောက် နိုင်ငံရေးမှာတော့ အလှမ်းကျယ် အလယ်လွတ်နေသလို ခံစားလာကြရတာပေါ့။ ဒီနေ့ မနက်ဖြန် ဆိုသလို စကစက လက်လျေှာ့လိုက်ဖို့ ဆုံးဖြတ်လိုက်ရင်တောင် အာဏာလေဟာနယ်အတွက် ရှိနေဆဲယန္တရားတွေကို ‘သုံးသပ်ပြင်ဆင်တည်ဆောက်’ နေဦးမှာ ဆိုတော့ စကစရေ ဖြည်းဖြည်းပေါ့၊ နိုင်ငံတကာရေ အေးဆေးပေါ့လို့ပဲ ပြောကြရလေမလားပေါ့။ နောက်ထပ် အဆုံးအဖြတ်တွေအတွက် ခြောက်လတခါ ညီလာခံကို မှန်မှန်ကျင်းပဖို့လည်း (ဘယ်လိုပဲ တကယ်မလုပ်ခဲ့နိုင်ပေမဲ့ မူအရ) ဆုံးဖြတ်ခဲ့ကြတယ် ဆိုလေတော့ ပြည်တော်ဝင်သီချင်းကို ဆိုညည်းချင်သူ ပြည်သူစစ်စစ်တွေအဖို့ ဆက်ပြီး အောင့်အီးနေကြရုံပဲလားလို့ မချင့်မရဲ မေးခွန်းထုတ်မိပါရဲ့။
မသီတာ (စမ်းချောင်း)