ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတား စုပေါင်းစစ်ဆေးရေးဂိတ်ကို ဧပြီ ၁၁ ရက် ညပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသခံတွေထံက သိရပါတယ်။
ဗလမင်းထင်တံတားအဆင်း ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာက စစ်ကောင်စီတပ် စုပေါင်းစစ်ဆေးရေးဂိတ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်နေတယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
“ည ၇ နာရီကျော်လောက် စစ်ဆေးရေးဂိတ်ကို သေနတ်နဲ့ လေးချက် ငါးချက်လောက် ပစ်တယ်။ အဲဒါ စစ်ဆေးရေးဂိတ်ကနေလည်း သေနတ်တွေနဲ့ ပြန်ပစ်တယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်၊ ဆူညံနေတာပဲ။ ထိခိုက်မှုအခြေအနေတော့ မသိရဘူး။”
ဧရာဝတီ မြစ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ ဗလမင်းထင်တံတားမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စုပေါင်းစစ်ဆေးရေးဂိတ်က ဖြတ်သန်းသွားလာတဲ့ ကုန်တင်မော်တော်ယာဉ်တွေကို တရားမဝင် ငွေကြေး အဓမ္မ ကောက်ခံမှုတွေ ပြုလုပ်နေပါတယ်။
မနက် ၆ နာရီက ညနေ ၆နာရီအထိ သာ ဖြတ်သန်းသွားလာခွင့်ပြုတဲ့ဗလမင်းထင်တံတား စုပေါင်းစစ်ဆေးရေးဂိတ်ဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကလည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီစစ်ဆေးရေးဂိတ်ဟာ သုံးကြိမ်ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပါတယ်။