မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၃/၆ ဖာလုံအနီးမှာ ဧပြီ ၁၁ ရက် ညနေ ၃ နာရီက မိတ္တီလာတပ်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေစဥ် ဗုံးနှစ်ကြိမ်ပေါက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြင်စည် ကျေးရွာနေသူတဦးက "မိုင်တိုင်အမှတ် ၃၂၃ နားမှာ စစ်သားတွေရော အမြန်လမ်းက ရဲတွေရော အများကြီးပဲ။ အိမ်စီးကားတွေနဲ့ရွာဘက်က ဆိုင်ကယ်တွေကို စစ်နေတယ် ဗုံးပေါက်လို့ စစ်တာလို့ ပြောတယ်"လို့ ရှင်းပြပါတယ်။
နေပြည်တော် လယ်ဝေးမြို့နယ် အေလာလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့အပစ်ခံရပြီးနောက် နေပြည်တော်စစ်ဦးစီးချုပ်ရုံးမှ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပူးပေါင်း ကင်းလှည့်ဖို့ တာဝန်ပေးရာမှ မိတ္တီလာတပ်နယ်မှ စစ်ကောင်စီတပ်တွေပါလာတာလို့ မိတ္တီလာတပ် နယ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
"နပတညွှန်ကြားချက်နဲ့ အမြန်လမ်းတလျှောက် လှုပ်ရှားအဖွဲ့နဲ့ပေါင်းပြီး ကင်းလှည့်ရတာ ပထမတလုံးကလှည့်ကင်းကား အရှေ့မှာပေါက်တာ နောက်တလုံးက မပေါက်သေးဘူး။ မပေါက်သေးတဲ့လက်လုပ်ဗုံးကို လမ်းဘေးက လယ်ကွင်းထဲမှာ ဖောက်လိုက်တာ။”
ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အမြန်လမ်းတလျှောက် လယ်ဝေးတပ်နယ်၊ မိတ္တီလာတပ်နယ်နဲ့ အမြန်လမ်းရဲတပ်ဖွဲ့တို့ကို ပူးပေါင်းအဖွဲ့တွေ ဖွဲ့စည်းကာ ဧပြီ ၁၁ ရက်မှ ၁၇ ရက်အထိ လှည့်ကင်းနဲ့ လှုပ်ရှားအဖွဲ့တွေကို လုံခြုံရေးပေးထားတာလို့ နေပြည်တော်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၄ ရှိတဲ့ ပြင်စည်အမြန်လမ်း ရဲစခန်း Drop ဗုံးနဲ့ပစ်ခတ်ခံရပြီး ရဲနှစ်ဦးသေဆုံးခဲ့ပါတယ်။