ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာရဲ့ သား ၃ ဦး သေဆုံးသွားကြောင်း ပါလက်စတိုင်း အစ္စလာမ္မစ်အုပ်စုနဲ့ ဟာနီယာရဲ့ မိသားစုက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို အစ္စရေးစစ်တပ်က အတည်ပြုခဲ့ပြီး ဟာနီယာရဲ့ သား ၃ ဦးကို ဟားမတ်စ် လက်နက်ကိုင်အဖွဲ့မှ စစ်ဆင်ရေးမှူးတွေအဖြစ်လည်း ဖော်ပြထားပါတယ်။
ဟာဇမ်၊ အာမီယာနဲ့ မိုဟာမဒ်တို့ သား ၃ ဦးဟာ ဂါဇာကမ်းမြောင်ဒေသရှိ အယ်လ်-ရှာတီစခန်း ဗုံးကြဲခံရချိန်မှာ သေဆုံးခဲ့တာဖြစ်ကြောင်း ဟားမတ်စ်က ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ဟာနီယာရဲ့ မြေး ၄ ဦးဖြစ်တဲ့ မိန်းကလေး ၃ ဦးနဲ့ ယောက်ျားလေး တဦးတို့လည်း သေဆုံးခဲ့ပြီး အစ္စရေးစစ်တပ်ကတော့ အခုချိန်မှာ ဒါနဲ့ပတ်သက်တဲ့ အချက်အလက်တွေ မရှိကြောင်း ပြောဆိုပါတယ်။
ဟာနီယာရဲ့ သား ၃ ဦးနဲ့ မြေး ၄ ဦးတို့ဟာ မွတ်စလင် အိဒ် အယ်လ်-ဖာတာ အားလပ်ရက် ပထမနေ့မှာ ဂါဇာစီးတီးရှိ သူတို့ရဲ့ ဒုက္ခသည်စခန်းရှိ နေအိမ်ကို မိသားစုလိုက် လာရောက်လည်ပတ်ခဲ့တာဖြစ်ကြောင်း ဆွေမျိုးတွေဆီကနေ သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ စစ်ဖြစ်နေတာကြောင့် ဟားမတ်စ်ရဲ့ နိုင်ငံတကာ သံခင်းတမန်ခင်းမှာ ကာတာနိုင်ငံအခြေစိုက် ဟာနီယာဟာ အခက်တွေ့နေရပြီး နိုဝင်ဘာလတုန်းကလည်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သူ့ရဲ့ မိသားစုနေအိမ် ဖျက်ဆီးခံခဲ့ရပါသေးတယ်။
ဟားမတ်စ်ဟာ ၆ လကျော်ကြာ ဂါဇာစစ်ပွဲမှာ အစ္စရေး အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လေ့လာကြည့်နေပေမဲ့ ပါလက်စတိုင်း တောင်းဆိုချက်တွေနဲ့ မကိုက်ညီကြောင်း ဟားမတ်စ်က ဧပြီ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးရဲ့ လေကြောင်းနဲ့ မြေပြင်ထိုးစစ်ကြောင့် ဂါဇာကို ပျက်စီးစေခဲ့တဲ့ ၇ လတာ စစ်ပွဲမှာ ဟားမတ်စ်က အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို အဆုံးသတ်ရေး၊ နယ်မြေထဲကနေ ဆုတ်ခွာသွားရေးနဲ့ အိုးမဲ့အိမ်မဲ့ ပါလက်စတိုင်းတွေကို နေရပ်ပြန်ဖို့ ခွင့်ပြုချက်တွေကို လိုချင်နေတာ ဖြစ်ပါတယ်။
Source/Photo-Reuters