စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ဇီးတောစံပြအနောက်ရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၀ ရက် မနက် ၆ နာရီက ဝင်ရောက်ပြီး ရွာသားတဦးအာားသတ်ဖြတ်ကာ ရွာကို ၆ ကြိမ်မြောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ နမခစစ်တပ်အနီး ဖန်းခါးကျင်းရွာကနေ ထွက်လာပြီး အိမ်ခြေ ၃၀၀ နီးပါးရှိတဲ့ ဇီးတောစံပြအနောက်ရွာကို မီးရှို့ကာ ပြည်သူတဦးအား သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။
ဇီးတောရွာ ဒေသခံတဦးက “ကျနော်တို့ရွာကို စစ်သားတွေက ဝင်လိုက်၊ ထွက်လိုက်လုပ်နေတာ ဘာသတင်းရလို့မှ မဟုတ်ဘူး။ ရွာမှာလည်း ဘယ် PDF မှ မရှိဘူး။ ရွာသားတွေကတော့ ဘယ်လက်နက်ကိုင် အဖွဲ့စည်းမဆို ရွာထဲမဝင်စေချင်ကြဘူး။ PDF အဖွဲ့ကတော့ ရွာသားတွေ တောင်းပန်ရင် ရွာထဲမဝင်ဘူးရယ်။ ဒီမင်းအောင်လှိုင်စစ်တပ်ကတော့ ရွာသား တွေမဝင်စေချင်လည်း ဝင်တယ်။ မဆိုင်တဲ့ ကျနော်တို့အိမ်တွေကိုလည်း တိုက်ပွဲမဖြစ်ဘဲနဲ့ အကြိမ်ကြိမ် မီးရှို့နေတာပါ။ မနေ့ကလည်း ရွာက အိမ် ၃ လုံး မီးရှို့သွားတယ်။ ကျနော်တို့ရွာက ကိုမောင်ခိုင် အသက် ၄၅ နှစ်ကိုလည်း ရွာအနောက်ဘက် သင်္ချိုင်းကုန်းအနီးမှာ သတ်ထားခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဇီးတောရွာကို ဝင်ရောက်မီးရှို့သတ်ဖြတ်ခဲ့ပြီးနောက် ညနေ ၃ နာရီလောက်မှာ ရွာထဲကနေ ဖန်ခါးကျင်းရွာဘက် ပြန်ထွက်သွားတယ်လို့လည်း သိရပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီတပ်က ဇီးတောရွာကို ၆ ကြိမ်အထိ ဝင်ရောက်မီးရှို့တာကြောင့် ပြည်သူနေအိမ် ၁၅၀ နီးပါ မီးလောင်ဆုံးရှုံးပြီး ဒေသခံတွေ အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေထိုင်စားသောက်ရေး အကူအညီ လိုအပ်နေပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာတော့ ဇီးဖြူကုန်းစခန်းကနေ ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်တို့အကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးကာ လက်နက်တချို့သိမ်းဆည်းရမိခဲ့ကြောင်း BNRA က သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၁၀ ရက် မွန်းတည့်ချိန်က ဇီးဖြူကုန်းစခန်းမှ ပတ်ကင်းထွက်လာသော စစ်ကောင်စီတပ်နဲ့ BNRA ရှေ့ပြေးကင်းတို့ ထိတွေ့မှု ဖြစ်ပွားခဲ့တာပါ။
ဒီထိတွေ့မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့က တဦးကျဆုံးပြီး BA 63 ( G3 ) သေနတ်တလက်၊ ဘောက် ၂ ဘောက်၊ ခဲယမ်းတချို့၊ ဖုန်း တလုံး၊ icom တလုံး သိမ်းဆည်းရမိခဲ့တယ်လို့ BNRA က ဆိုပါတယ်။
သေဆုံးသွားတဲ့စစ်ကောင်စီတပ်သားဟာ မောင်စိန်သန်းအောင် ဖြစ်ပြီး မောင်တောမြို့နယ် တပ်ချောင်းရွာကဖြစ်ကြောင်းနဲ့ သူ့ကို ကောင်းမွန်စွာ မြှုပ်နှံပေးခဲ့တဲ့အပြင် မိသားစုဝင်ကိုလည်း အသိပေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။