ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံး၊ တောင်ကြီး၊ ညောင်ရွှေဘက်ရောက် စစ်ဘေးရှောင်တွေကို PNA ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်က ဖိအားပေးပြီး အိမ်ပြန်ခိုင်းခဲ့ကြောင်း စစ်ရှောင်တွေထံက သိရပါတယ်။
မတ်လနဲ့ အခု ဧပြီလမှာ ပြန်ခိုင်းခဲ့ပြီး မပြန်ရင် နေအိမ်ချိပ်ပိတ်တာ၊ အိမ်မီးရှို့ဖျက်ဆီးတာတွေ လုပ်မယ်လို့ ခြိမ်းခြောက်ကြောင်း ပြောပါတယ်။
တောင်ကြီးရောက် ဆီဆိုင်စစ်ရှောင်တဦးက “တချို့က ပြန်တယ်၊ ပြန်တော့ မိုင်းတွေနင်းမိကြတယ်။ မိုင်းနင်မိတာ ၃ ယောက်မကတော့ဘူး။ တချို့ကလည်း အိမ်မပြန်ကြဘဲ တောထဲပဲ ပြန်နေကြတယ်” လို့ ပြောပါတယ်။
အများစုမှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်း မရကြတဲ့ တောထဲ တောင်ထဲတွေမှာ ရှောင်နေရလို့ ဆေးဝါး၊ စားနပ်ရိက္ခာ စတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။
စစ်ရှောင်အရေး လှုပ်ရှားနေသူ အမျိုးသားတဦးက “မြို့ဘက်တွေရှောင်တာ အရင်ကများပေမဲ့ ခုက တောထဲပဲ ပြန်ကုန်ကြတယ်။ စစ်ကောင်စီက အမျိုးမျိုးခြိမ်းခြောက်ကြတော့ ကြောက်ကြရတယ်လေ။ အများစုက တောထဲရှောင်ကြတော့ အကူအညီတွေလည်း မရပါဘူး” လို့ ပြောပါတယ်။
လက်ရှိ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး၊ ညောင်ရွှေ၊ လွိုင်လင်မြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေလို့ ဒေသခံ တသိန်းကျော် စစ်ရှောင်နေရဆဲ ဖြစ်ပါတယ်။
ရှမ်းတောင်တိုက်ပွဲဖြစ်ပွားတဲ့ ၇၇ ရက်အတွင်း အရပ်သား ၅၈ ဦး သေဆုံးပြီး ၇၁ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်ပါတယ်။