မကွေးတိုင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဌာနချုပ်တပ်ရင်းက အဆောင် ၁ ဆောင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ YPDF ထံမှ သိရပါတယ်။
ဧပြီ ၁၀ ရက်နေ့ မနက် ၇ နာရီအချိန်မှာ သစ်ရွက်ခြောက်တွေ မီးရှို့ရာမှ အဆောင်ကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် အဆောင်အတွင်းရှိ စောင်၊ ခြင်ထောင်၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းတွေအပါအဝင် မီးစက်၊ ဒိုင်နမိုတို့ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ကာလတန်ဖိုး ကျပ်သိန်း ၃၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။
YPDF တာဝန်ရှိသူ ကိုယောလေးက “အဆောင်ပတ်လည်က သစ်ရွက်ခြောက်တွေကို မီးရှို့တာပေါ့။ ရဲဘော်တွေက ထမင်းစားသွားတဲ့အချိန် အဆောင်မှာလည်း တယောက်မှမကျန်ခဲ့ဘူး၊ အဲ့ဒီမှာ လေကတိုက်တော့ လေပင့်ပြီး အဆောင်ကို မီးကူးသွားတာပေါ့။ ရေခက်ခဲတာရောဆိုတော့ တဆောင်လုံး မီးကူးသွားတာပေါ့လေ မငြိမ်းနိုင်လိုက်ဘူး” လို့ ပြောပါတယ်။
YPDF ဌာနချုပ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကလည်း မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားပြီး ကျပ်သိန်း ၃၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့ဖူးတယ်လို့ သိရပါတယ်။