Home
မြန်မာသတင်း
စစ်တွေနှင့် ကျောက်ဖြူက ပြည်သူများ လွတ်မြောက်နယ်မြေသို့ ရွှေ့ပြောင်းရန် AA တိုက်တွန်း
DVB
·
April 11, 2024
AA 1142024

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်က ပိတ်မိကျန်ရှိနေဆဲ ပြည်သူတွေကို တတ်နိုင်တဲ့နည်းလမ်းနဲ့ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ရွှေ့ပြောင်းကြဖို့ ရက္ခိုင့်တပ်တော်ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေး ပြောလိုက်ပါတယ်။

အဆုံးအဖြတ်တိုက်ပွဲအတွက် ပြင်ဆင်စရာတွေကို ပြင်ဆင်ရမယ်လို့ ပြောကြားရင်း ဧပြီ ၁၀ ရက်က ကျရောက်တဲ့ ရက္ခိုင့်တပ်တော်ရဲ့ ၁၅ နှစ်မြောက် တပ်တော်နေ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။

ဒါ့အပြင် လက်ရှိသိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေမှာလည်း အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်ဖို့အတွက် လူသားအရင်းအမြစ်တွေ လိုအပ်နေပြီး ကဏ္ဍလုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိတဲ့ လူငယ်တွေနဲ့ ပညာရှင်တွေရဲ့ စွမ်းရည်တွေကို လိုအပ်တဲ့အပြင် စစ်ကောင်စီလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ တတ်သိကျွမ်းကျင် ပညာရှင်တွေကိုပါ ULA နဲ့ပူးပေါင်းပြီး တာဝန်ထမ်းဆောင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတွေအနေနဲ့ တာဝန်ထမ်းဆောင်လိုပါက အရင်အစိုးရလက်ထက်တွေကရှိခဲ့တဲ့ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုတွေကို ခွာချပြီး ULA က ချမှတ်ထားတဲ့ စည်းမျဥ်းကျင့်ဝတ်တွေနဲ့ လိုက်နာပူးပေါင်းကြဖို့ လိုအပ်တယ်လို့ မိန့်ခွန်းမှာ ပြောကြားထားပါတယ်။

ဒါ့အပြင် အရင်က အသုံးပြုနေကြဖြစ်တဲ့ ရက္ခိုင့်တပ်တော်(အေအေ)ကိုလည်း အာရက္ခတပ်တော်အဖြစ် အမည်ပြောင်းလဲ သုံးစွဲခေါ်ဝဲမှုတွေရှိလာနေပါတယ်။

ရက္ခိုင့်တပ်တော် တပ်မှူးချုပ်က စစ်တွေနဲ့ ကျောက်ဖြူဒေသခံတွေကို ရှောင်ခိုင်းတာဟာ စစ်ရေးကို ရပ်တန့်လိုတဲ့ ဆန္ဒမရှိဘဲ တပြည်လုံးကို သိမ်းပိုက်သွားမယ့်သဘောရှိတယ်လို့ ရခိုင်စစ်ရေးအကဲခတ်တဦးက ပြောပါတယ်။

“ဒီနေ့ အာရက္ခတပ်တော်နေ့မှာ တပ်မှူးချုပ်က စစ်တွေနဲ့ ကျောက်ဖြူမြို့တွင်း ပိတ်မိနေသေးတဲ့ ပြည်သူတွေကို တတ်နိုင်တဲ့နည်းနဲ့ လွတ်မြောက်နယ်မြေတွေကို ရှောင်ခိုင်းနေတာက အာရက္ခတပ်တော်အနေနဲ့ စစ်ရေးကို ရပ်တန့်မယ့်သဘောမရှိဘဲ တပြည်လုံးကို သိမ်းပိုက်မယ့်အနေအထားမှာ ရှိတယ်။ တနည်း စစ်ကြေညာလိုက်တာလည်း ဖြစ်တယ်။”

ရက္ခိုင့်တပ်တော်အနေနဲ့ မြန်မာပြည်ထောင်စုနဲ့ပတ်သက်ပြီး ဗမာပြည်သူတွေ အပါအဝင် ဘဝတူ တိုင်းရင်းသားညီနောင်တွေရဲ့ နိုင်ငံရေးလိုလားချက် ရည်မှန်းချက်တွေကို လေးစားထောက်ခံပြီး မြန်မာပြည်သူတွေရဲ့ အကောင်းဆုံးမိတ်ဆွေအဖြစ် ရပ်တည်သွားမယ်လို့လည်း တပ်မှူးချုပ်ရဲ့မိန့်ခွန်းမှာ ဆက်လက်ပြောကြားထားပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ ၁၅ နှစ်မြောက် တပ်တော်နေ့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးတပ် ဆယ်နဲ့ချီပြီး အသီးသီး သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ရှိ တကျော့ပြန်တိုက်ပွဲ ၄ လကျော်ကာလအတွင်း ရက္ခိုင့်တပ်တော်က မြို့နယ် ၉ ခုကို သိမ်းပိုက်ရရှိထားပြီး အမ်း၊ ဘူးသီးတောင်၊ မောင်တောနဲ့ မြေပုံမြို့နယ်တို့မှာ စစ်ရေးပြင်းထန်နေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013