Home
မြန်မာသတင်း
တောင်ငူတွင် စစ်မှုထမ်းရန် စာရင်းပါသည့် အမျိုးသား ၁ ဦး သတ်သေ
DVB
·
April 11, 2024
su 1142024

ပဲခူးတိုင်း၊ တောင်ငူမြို့၊ ၁၆ ရပ်ကွက်၊ စျေးလမ်းက အသက် ၂၅ အရွယ် အမျိုးသားက စစ်မှုထမ်းဖို့ စာရင်းပါနေတာကြောင့် ဧပြီ ၈ ရက်မှာ မိမိကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေခဲ့တယ်လို့ သိရပါတယ်။

​တောင်ငူမြို့၊ ၁၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးက သင်္ကြန်ပြီးရင် ပထမအသုတ်ထဲ လိုက်ရမယ့်သူ ၄ ဦးထဲမှာ ပါ​ကြောင်းကို မတ်လကတည်းက နေအိမ်မှာ လာပြောထားတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးက အိမ်မှာလာပြောတာ။ ပထမအသုတ်ထဲ လိုက်ရမယ်ဆိုပြီး ပြောကတည်းက သူက စိတ်ဓာတ်ကျနေတာ။ ပတ်ဝန်းကျင်ကလူတွေက ရှောင်ခိုင်းပေမဲ့ သူက မိသားစုကို မထားခဲ့နိုင်ဘူးဆိုပြီး မရှောင်တာ။ အဲ့နေ့က သူက ဝရံတာမှာ ထိုင်နေတာ။ အိမ်က အော်သံကြားမှ သွားကြည့်တော့ ဆွဲကြိုးချ သတ်သေနေတာ။ ဆေးရုံပို့ပေမဲ့ လမ်းမှာတင်ဆုံးသွားတယ်။”

စစ်မှုထမ်းဖို့ ခေါ်ခံရတာကြောင့် သတ်သေခဲ့သူမှာ အသက် ၃ နှစ်အရွယ် သားတဦးနဲ့ အသက် ၁ နှစ်အရွယ် သမီးတဦးတို့ ကျန်ခဲ့ပြီး သူ့အလောင်းကို ဧပြီ ၁၀ ရက်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းထဲမှာ စစ်မှုထမ်းဥပဒေအတွက် လူစာရင်းကောက်ခံတာ၊ မဲနှိုက်တာတွေ ပြုလုပ်ပြီးဖြစ်ပေမဲ့ ပထမအသုတ်အနေနဲ့ ခေါ်ဆောင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်နဲ့  ဖျာပုံမြို့နယ်တို့မှာ စစ်မှုထမ်း မဲနှိုက်ရွေးချယ်ခံရတဲ့ လူငယ် ၂ ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013