Home
မြန်မာသတင်း
မူဆယ်တွင် ဆရာဝန် ၁ ဦး ရိုက်နှက် ပြန်ပေးဆွဲခံရပြီး ယွမ်သိန်း ၃၀ ဖြင့် ရွေးခိုင်း
DVB
·
April 11, 2024
muu 1142024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊ မူဆယ်မြို့မှာ ဧပြီ ၉ ရက် ည ၇ နာရီကျော်လောက်က အမည်မသိ လူ ၃ ဦး ဆေးခန်းထဲဝင်လာပြီး ဆေးခန်းထိုင်နေတဲ့ ဆရာဝန်တဦးကို ရိုက်နှက်ကာ ပြန်ပေးဆွဲသွားပြီး တရုတ်ငွေ ယွမ်သိန်း ၃၀ နဲ့ လာရွေးခိုင်းကြောင်း ဒေသခံတွေဆီက သိရပါတယ်။

နယ်စပ်ကုန်သည်တဦးက “မူဆယ်မှာ ဆရာဝန်တယောက်ကို ပြန်ပေးဆွဲသွားတာ ဟုတ်တယ်” လို့ ပြောပါတယ်။

မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်မှာ ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာမိုးကျော်သူ ဆေးခန်းထိုင်နေချိန် အမည်မသိ လူ ၃ ဦး ဝင်လာကာ သေနတ်ထောက်ပြီး ရိုက်နှက် ခေါ်ဆောင်သွားတာကို CCTV မှတ်တမ်းမှာ တွေ့ရပါတယ်။

“တရုတ်ငွေ ယွမ် သိန်း ၃၀ (လက်ရှိပေါက်ဈေး မြန်မာငွေ ကျပ် သိန်းတသောင်းခွဲကျော်) နဲ့ လာရွေးခိုင်းနေတယ်လို့ ပြောတယ်” လို့ အဲဒီ နယ်စပ်ကုန်သည်က ပြောပါတယ်။

ဧပြီ ၁၀ ရက်မှာ ပြန်ပေးဆွဲသွားတဲ့သူတွေက မိသားစုထံ ဆက်သွယ်လာတာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတဦးကလည်း “ဒေသခံတွေတော့ ထိတ်လန့်ကုန်တာပေါ့ဗျာ။ အဖွဲ့တွေလည်း များတာကိုး။ တချို့ကဆို မဟရဲဘူးလေ၊ ကြောက်တာရော စိုးရိမ်တာရောပေါ့ဗျာ။ အမှန်က ခရစ်ယာန်ရပ်ကွက်၊ ကောင်းနောင်ရပ်ကွက် ကပ်လျက်ပေါ့။ ငွေရှိတဲ့သူတွေ ရွှေလီကိုပြေးကုန်ပြီ။ မနေ့ညက အိပ်ရခက်တဲ့လူ များပြီထင်တယ်၊ စိုးရိမ်တာကိုး” လို့ ပြောပါတယ်။

နယ်စပ် သွင်းကုန်လုပ်ငန်းရှင်တဦးကိုလည်း ပြန်ပေးဆွဲဖို့ သူ့ကို လိုက်ဖမ်းနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း မူဆယ် လဝက ခရိုင်အရာရှိတဦး ပြန်ပေးဆွဲခံခဲ့ရကြောင်း နယ်စပ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

“တရုတ်ငွေ ယွမ် သိန်း ၆၀ (ကာလပေါက်ဈေး ကျပ် သိန်းသုံးသောင်းကျော်) နဲ့။ အဲဒါကြောင့် အဖွဲ့အစည်းတွေ ပြန်လိုက်ဖမ်းပေးတယ်။ နောက်ဆုံးတော့ လိုက်ဖမ်းတော့ မိသွားတယ်လေ။”

မူဆယ်မှာ ဆိုင်ကယ်ပြင်ဆိုင်၊ ကုန်စိမ်းသည်၊ ကြက်သားသည်၊ သံတိုသံစ အရောင်းဆိုင်ကအစ လုပ်ငန်းရှင်တွေ အားလုံးနီးပါး ပြန်ပြေးဆွဲခံနေရပြီး တချို့ဆိုရင် ၃ ကြိမ်ခန့်အထိ ပြန်ပေးဆွဲခံနေရတဲ့ လုပ်ငန်းရှင်တွေရှိကာ ဆိုင်တွေတော်တော်များများ ပြန်ပေးဆွဲခံရလို့ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ဘက်ရောက်နေတဲ့ ကုန်သည်လုပ်ငန်းရှင်တွေကိုတောင်မှ မကြာခဏ ဖုန်းဆက် ခြိမ်းခြောက် ငွေတောင်းနေတာလို့ တရုတ်ဘက်က ကျောက်စိမ်းဆိုင်ရှင်တဦးက ပြောပါတယ်။

မူဆယ်မှာ ပြန်ပေးဆွဲမှုအများဆုံး လုပ်နေတဲ့သူတွေက တရုတ်ကလေးတွေဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အမည်ခံတွေ၊ ပြည်သူ့စစ် အရာရှိတွေရဲ့ မိသားစုဝင်၊ ဆွေမျိုးတော်စပ်သူတွေ၊ အဖွဲ့အစည်း အယောင်ဆောင်သူတွေဖြစ်ကာ ဖမ်းမိတဲ့ထဲ နမ်ဂျောန် ပြည်သူ့စစ်အဖွဲ့နဲ့ တခြား ပြည်သူ့စစ်အဖွဲ့တဖွဲ့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းလောက်ကစ မူဆယ်က လုပ်ငန်းရှင် တယောက်ပြီးတယောက် ပြန်ပေးဆွဲခံနေရတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013