Home
မြန်မာသတင်း
လွယ်ဂျယ်မြို့ ရှိ လက်ကျန်စစ်ကောင်စီတပ်သားများ တရုတ်နိုင်ငံသို့ ထွက်ပြေး
DVB
·
April 9, 2024
lwe 942024

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်။ တရုတ်နယ်စပ် လွယ်ဂျယ်မြို့မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်စခန်းက တပ်သားတွေ ဧပြီ ၈ ရက် ည ၁၁ နာရီမှာ  ကားနှစ်စီးနဲ့ တရုတ်နိုင်ငံဘက်ကို  ထွက်ပြေးလွယ်မြောက်သွားတယ်လို့ မြို့ခံထံက သိရပါတယ်။

ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ကားနှစ်စီနဲ့ လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး တရုတ်နိုင်ငံ ဒေသအစိုးရရဲ့ အကူအညီနဲ့ ထွက်ခွာသွားတာလို့  မြို့ခံတဦးက ပြောပါတယ်။

“မနေ့ည ၁၁ နာရီမှာ အကုန်လာ ခေါ်ထုတ်သွားပြီး တရုတ်တွေ ဟိုဘက်နယ်စပ်ကနေ၊ လာခေါ်သွားတာ၊ ဒီနေ့မနက် ကျနော် ခဏသွားတော့ တပ်စခန်းတွေကို ရှင်းလင်းရေးလုပ်နေတာတွေ တွေ့တယ်၊ စစ်သား(စကစ)တွေမရှိတာတော့ သေချာသွားပြီ။”

စစ်ကောင်စီတပ်သားတွေကို တရုတ်ပြည်ကနေ တဆင့် ရှမ်းပြည်မြောက်ပိုင်း ကနေ ပြန်လည် ခေါ်ထုတ်သွားမယ်ဆိုတဲ့သတင်းတွေ ကြားနေရတယ်လို့ လွယ်ဂျယ်မြို့ခံက ဆက်ပြောပါတယ်။

“တရုတ်တွေလာကြိုသွားတယ်လို့လည်း သတင်းတွေကြားနေတယ်။ လာကြိုသွားတာ သေချာတယ်။ ကားနှစ်စီးနဲ့ပေါ့ လေးငါးခြောက်ဆယ်လောက်ရှိတယ်။ ဝန်းထမ်းတွေကော၊ စစ်သား(စကစ) မိသားစုတွေကောဆိုရင်။ အခုကြားနေတာက ဂျယ်ဂေါင်ကို ပို့ပြီး ဂျယ်ဂေါင်ကနေ တဆင့် မူဆယ်ဘက်ကနေ ပြန်ခေါ်ထုတ်သွားမယ်လို့ သတင်းတွေကြားနေရတယ်။”

လွယ်ဂျယ်မြို့ကိုထိန်းထားတဲ့ ယော်ယုံတောင်ကြောပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက မတ် ၂၇ ရက်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်  တရုတ်အစိုးရဘက်က နယ်စပ်မှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ ဖိအားပေးထားပါတယ်။

လွယ်ဂျယ်မြို့ပေါ် ရဲစခန်းအပါ ဌာနဆိုင်ရာရုံးတွေကိုလည်း KIA က ထိန်းချုပ်ထားပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းက တပ်သားတွေက တရုတ်အစိုးရ အကူအညီနဲ့ ဆုတ်ခွာ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

လွယ်ဂျယ်မြို့က ပြည်သူတွေကတော့ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရာကနေ နေရပ်ပြန်ပြီး နေထိုင်နေကြပြီလို့ မြို့ခံတွေထံကနေ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013