ခြောက်လနီးပါး လမ်းကြောပိတ်နေတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့က ဒေသခံတွေဟာ စားသောက်ကုန်နဲ့ စက်သုံးဆီတွေကို ဈေးကြီးမြင့်စွာ ဝယ်ယူနေရပြီး အခက်အခဲဖြစ်နေတယ်လို့ တမူးမြို့ခံတွေက ပြောပါတယ်။
ကလေး-တမူး လမ်းမကြီးဟာ တိုက်ရိုက်မပွင့်ဘဲ ကလေးကနေ ထင်းဇင်ထိသာ လမ်းပွင့်ပြီး အိန္ဒိယလမ်းထဲကနေ မဟုတ်ရင် စစ်သောင်းလမ်းဘက်ကနေတဆင့် ကုန်ပစ္စည်းတွေ သယ်ယူနေရတာကြောင့် အောက်ပိုင်းဘက်ကလာတဲ့ ကုန်ပစ္စည်းတွေနဲ့ စက်သုံးဆီတွေ ဈေးကြီးမြင့်နေတယ်လို့ ဆိုပါတယ်။
တမူးမြို့ခံအမျိုးသားတဦးက “ခါမ်းပါတ်တိုက်ပွဲ ပြီးကတည်းကစ လမ်းက မပွင့်တာ။ တမူးကနေ ကလေးကို လာချင်ရင် နှစ်ဆင့် သုံးဆင့် သွားလာနေရတယ်။ အောက်ပိုင်းကလာတဲ့ ကားတွေက ထင်းဇင်မှာရပ်ပြီး ထင်းဇင်ကနေ ကုန်တွေကို ကယ်ရီနဲ့ တမူးဘက်ကို တဆင့်ပြန်သယ်ရတော့ ကုန်သည်တွေလည်း ဈေးတင်ကြရတော့တာလေ။ လမ်းမှာ ဂိတ်ကြေးနဲ့ တန်ဆာခနဲ့ နောက်ပြီး အခု တိုက်ရိုက်မပေါက်တော့ ပိုဆိုးသွားတာပေါ့ဗျာ”လို့ပြောပါတယ်။
၂၀၂၃ နိုဝင်ဘာ ၇ ရက်နေ့မှာ ဒေသခံကာကွယ်ရေးတပ်တွေဘက်က ခါမ်းပါတ်မြို့ကို သိမ်းယူပြီးနောက်ပိုင်း မိုင် ၈၀ ကျော်ရှိတဲ့ ကလေး-တမူးလမ်းဟာ မိုင် ၅၀ ကျော်သာ တိုက်ရိုက်ပွင့်ပြီး မိုင် ၃၀ နီးပါဟာ တဆင့်ပြန်ကူးနေရတဲ့ အနေအထား ဖြစ်နေတာလို့ သူက ပြောပါတယ်။
လက်ရှိ တမူးမြို့မှာ ဓာတ်ဆီ၊ ဒီဇယ်ဆီအပြင် အောက်ပိုင်းဘက်ကဝင်တဲ့ စားသောက်ကုန်အားလုံး နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ ကလေးမြို့ထက်စာရင် နှစ်ဆလောက် ကြီးမြင့်နေပြီး ကုန်ပစ္စည်းအချို့ ပြတ်တောက်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အဆိုပါ လမ်းကြောပိတ်ဆို့ထားမှု အခြေအနေနဲ့ပတ်သက်ပြီး တမူး PDF ဌာနချုပ်ဘက်ကို DVB က ဆက်သွယ်ခဲ့ရာမှာတော့ လမ်းပိုင်းကို စစ်ကောင်စီဘက်က ပိတ်ထားတာသာဖြစ်ပြီး စစ်ကောင်စီက ခါမ်းပါတ်သိမ်းခံရပြီး ကလေး-တမူးလမ်းပေါ်က သူတို့လက်အောက်ခံ ပန်းသာရွာနဲ့ လေးမိုင်ဂိတ်တွေ အသိမ်းခံရမှာကို ကြောက်ရွံ့နေတာကြောင့် လမ်းပိတ်ထားတာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
အဆိုပါ ထင်းဇင်-တမူးလမ်းကြော ပိတ်ထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန် ပြောဆိုထားတာ မရှိပါဘူး။