Home
မြန်မာသတင်း
ညောင်တုန်းတွင် အသက်  ၁၇ နှစ်မှ ၃၇ နှစ်အရွယ်များကို စစ်မှုထမ်းစာရင်းကောက်
DVB
·
April 9, 2024
mil 932024

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဖို့ မြေပြင်စာရင်း ကောက်ယူရာမှာ အသက် ၃၇ နှစ်အရွယ်တွေပါ စာရင်းယူနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ညောင်တုန်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ဧပြီ ၅ ရက်က စစ်မှုထမ်းစာရင်း စတင်ကောက်ယူနေတာဖြစ်ပြီး အမည်စာရင်းတွေ ကောက်ယူရာမှာ အုပ်ချုပ်ရေးမှူးတွေရဲ့ မိသားစုနဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်ပြီး အဆင်ပြေသူတွေမပါဘဲ အသက် ၁၇ နှစ်ကနေ ၃၇ ရွယ်ရှိတဲ့ အမျိုးသားတွေပါ စာရင်းကောက်နေတာလို့ ဆိုပါတယ်။

“'အခု စစ်ကောင်စီ လက်အောက်ခံတွေ စစ်မှုထမ်းဖို့ စာရင်း ထပ်ကောက်တဲ့အထဲမှာ အသက် ၃၇ နှစ်ကျော်ကျော်အရွယ်တွေ ပါကောက်နေတာ။ တချို့ဆို စာရင်းထဲပါမှ သိရတာ။ အသက်ပြည့် အရွယ်ကောင်း အုပ်ချုပ်ရေးမှူးရဲ့ မိသားစုတွေ၊ သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ရှိသူတွေကျတော့မပါဘူး”လို့ ကျေးရွာ တရွာက ဒေသခံ တဦးက ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်တခုမှ ဒေသခံတဦးက “အုပ်ချုပ်ရေးမှူးတွေကို အသက်ကျော်နေတဲ့အကြောင်း၊ အုပ်ချုပ်ရေး မိသားစုတွေ မပါတဲ့အကြောင်း ပြောတော့ အုပ်ချုပ်ရေးမှူးက ဥပဒေနဲ့အညီလုပ်တာ။ တခုမှ မဟုတ်တာ မလုပ်ဘူး။ သူလုပ်တာ မျှတမှုမရှိဘူးလို့ ထင်လည်း ဂရုမစိုက်ဘူးလို့ ပြောသေးတာ။ ကိုယ့်သားလေးက အသက် ၁၇ တောင်မပြည့်သေးတော့ စိတ်ခဏအေးတာပေါ့။ ၁၇ ရွယ်ပါကောက်သွားတော့ အခု ခေါင်းမီးတောက်နေတယ်” လို့ ပြောပါတယ်။

ညောင်တုန်းမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အညီ အထက်ကခိုင်းတဲ့အတိုင်း လုပ်နေတာဖြစ်လို့ အလုပ်တာဝန်ကို နှောင့်ယှက်တဲ့ ဘယ်သူမဆို ဖမ်းဆီးထောင်ချလို့ရတယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ အခု ဧပြီလ ၂ ရက်ကလည်း စစ်မှုထမ်း မဲရွေးချယ်တဲ့ကိစ္စနဲ့ ပက်သက်ပြီး စာရင်းအသွင်းခံရတဲ့ ဒေသခံအမျိုးသားတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကြား စကားများရာက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတာတာဆိုသူ ဓားထိုးခံခဲ့ရသေးတယ်လို့ သိရပါတယ်။

Photo - MOi

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024