ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေအတွက် နောက်ဆုံး ခိုလှုံရာနေရာဖြစ်တဲ့ ရာဖှာမြို့ကို အစ္စရေး ဝင်ရောက်မယ့်ရက်ကို သတ်မှတ်ထားပြီးပြီလို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ဧပြီ ၈ ရက်မှာ ပြောကြားလိုက်ပြီး ဘယ်ရက်ဖြစ်မယ် ဆိုတာကိုတော့ ထုတ်ဖော်မပြောပါဘူး။
နေတန်ယာဟုဟာ ကိုင်ရိုမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်နေချိန်မှာ သူက ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။
“ဒီနေ့ ကိုင်ရိုမှာ ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အစီရင်ခံစာကို လက်ခံရရှိပြီး ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အဆက်မပြတ် လုပ်ဆောင်နေပါတယ်” လို့ ဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။
ပထမဆုံးနဲ့ အရေးအကြီးဆုံးက ဓားစာခံတွေအားလုံးကို လွှတ်ပေးဖို့နဲ့ ဟားမတ်စ်တွေအပေါ် ပြီးပြည့်စုံတဲ့ အောင်ပွဲရရှိရေး ဖြစ်ကြောင်းနဲ့ ဒီအောင်ပွဲကလည်း ရာဖှာမြို့တွင်းကို ဝင်ရောက်ပြီးတော့ အဲဒီနေရာက အကြမ်းဖက်တပ်ရင်းတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
အိမ်ရှင် အီဂျစ်ကတော့ ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိုင်ရိုအစည်းအဝေးမှာ တိုးတက်မှုတွေ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပေမဲ့ ဟားမတ်စ် အရာရှိတဦးကတော့ အဲဒီစည်းအဝေးမှာ ဘာတိုးတက်မှုမှ မရရှိခဲ့ဘူးလို့ ဧပြီ ၈ ရက်မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၆ ရက်က CIA ဒါရိုက်တာ ဝီလျံဘန်းစ် အီဂျစ်ကို ရောက်ရှိလာပြီးနောက်မှာ ဧပြီ ၇ ရက်မှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ သူတို့ကိုယ်စားလှယ်အဖွဲ့တွေကို ကိုင်ရိုကို စေလွှတ်ခဲ့တာပါ။
ဝီလျံဘန်းစ် က ဂါဇာမှာ ထိန်းသိမ်းထားတဲ့ အစ္စရေး ဓားစာခံတွေကို လွှတ်ပေးပြီး ပါလက်စတိုင်း အရပ်သားတွေကို အကူအညီတွေပေးဖို့ သဘောတူညီချက်တခုအတွက် အမေရိကန်က ဖိအားတွေ တိုးမြင့်ပေးနေမှုကို အလေးထား ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို ကာတာ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
Source/Photo-Reuters