ချင်းပြည်နယ်၊ ဟားခါးမြို့မှာ လျှပ်စစ်မီး ဝါယာရှော့ဖြစ်ပြီး လူနေအိမ် လေးလုံး မီးလောင်ပြာကျခဲ့တယ်လို့ ဟားခါးမြို့ခံတွေထံက သိရပါတယ်။
ဧပြီ ၉ ရက် မနက် ၁ နာရီ မိနစ် ၅၀ အချိန်မှာ ဟားခါးမြို့ ဈေးသစ်ရပ်ကွက်က လူနေအိမ်တချို့ မီးလောင်ပြာကျခဲ့တာ ဖြစ်ပါတယ်။
ချင်းခရစ်ယာန်တက္ကသိုလ်(Chin Christian University-CCU) ကျောင်းအုပ်ရဲ့ နေအိမ် အပါအဝင် အိမ် လေးလုံး မီးလောင်ခဲ့ပြီး လူထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။
ဟားခါးမြို့ခံတဦးက “မီးကတော့ ဝါယာရှော့ဖြစ်ပြီး လောင်တာလို့တော့ ယူဆကြတယ်။ ဘယ်အိမ်က စလောင်လဲတော့ မသိရဘူး၊ ချင်းခရစ်ယာန်ကျောင်းအုပ် နေအိမ်လည်း မီးလောင်ထဲ ပါသွားတာပေါ့။ သူ့ပတ်ဝန်းကျင်က နေအိမ် သုံးလုံးရယ်ပေါ့၊ လူထိခိုက်မှုတော့ မရှိဘူး၊ နေအိမ်ထဲက ပစ္စည်းတွေတော့ ဘာမှယူလို့မရဘူး မီးလောင်ပြာကျသွားတယ်” လို့ ပြောပါတယ်။
ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်မှာ နေအိမ်မီးလောင်တဲ့ သတင်းရလို့ ခရိုင်နဲ့ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၂ နာရီ မိနစ် ၄၀ လောက်မှာ မီးငြိမ်းသွားကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။