ပဲခူးတိုင်း၊ ပဲခူးမြို့မှာ မတ် ၁၅ ရက်နောက်ပိုင်းကစပြီး စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးဌာနက ဟိုင်းလက်ယာဉ်တွေကို ပြန်လည်ထွက်ခွာခွင့် ပေးတယ်လို့ ယာဉ်မောင်းသမားတွေထံကနေ သိရပါတယ်။
ပဲခူးမြို့တွင်းမှာ ဟိုင်းလပ်ယာဉ်တွေကို ပဲခူးမြို့ရှောင်လမ်းကနေသာ သွားလာခွင့်ပေးထားး သင်္ကြန်အပြီးမှာ ဟိုင်းလပ်ယာဉ်တွေ ပြန်လည်ထွက်ခွာခွင့်ကို တရားဝင်စာထုတ်ပြန်မယ်လို့လည်း ယာဉ်မောင်းသမား တဦးက ပြောပါတယ်။
"စာထုတ်ထားတာတော့ကြာပြီပြောတယ်။ ယာဉ်ပိုင်ရှင်လက်ထဲကို ထွက်ခွင့်ပြုကြောင်းစာကို မပေးသေးတာ။ အခုကကျ ယာဉ်မောင်းအချင်းချင်း လက်ဆင့်ကမ်းပြီး ရလာတာ။ မိတ္တူဆိုရင် စာတွေတောင်မရှင်းဘူး။ ဖတ်လို့ရတဲ့အနေအထားလောက်ပဲ။ သင်္ကြန်ပြီးရင်တော့ တရားဝင်စာထုတ်မယ်လို့ ကြားတယ်။”
ပဲခူးမှာ ဟိုင်းလပ်ယာဉ်တွေ ပြန်လည်ထွက်ခွာနေတာ ရက် ၂၀ ကျော်ရှိနေပြီး ခရီးသည် တင်ခွင့်လိုင်စင်ပါ အရင်ကပိတ်သိမ်းမယ်လို့ ကြေညာထားပေမဲ့ အခုခရီးသည်တင်ခွင့်လိုင်စင် ပြန်လည်ပြုလုပ်ပေးမယ်လို့ လည်း သိရပါတယ်။
ပဲခူးမြို့ဒေသခံတဦးက "ပြန်ထွက်နေတာတော့ ရက် ၂၀လောက်ရှိနေပြီ။ လူတင်လို့တော့မရသေး ဘူး။ ကုန်သီးသန့်ပဲ လောလောဆယ် တင်ပြီးသွားနေကြတယ်"လို့ ပါတယ်။
ဟိုင်းလပ်ယာဉ်တွေဟာ သက်တမ်းကြာနေတဲ့ ယာဉ်ဟောင်းတွေဖြစ်လို့ ပို့ဆောင်ရေးဌာနက ဇန်နဝါရီ ၃၁ ရက်မှာ လုပ်ငန်းလိုင်စင်ဖျက်သိမ်းမယ်လို့ တရားဝင်စာ ထုတ်ပြန်ခဲ့ပေမဲ့ ပြန်လည်ထွက်ခွာခွင့်ရအောင် ကြိုးပမ်းနေတဲ့အဖွဲ့အစည်း ရှိတာကြောင့် ပြန်ထွက်ခွာခွင့် ရတာဖြစ်နိုင်တယ်လို့ ယာဉ်မောင်းတွေက ခန့်မှန်းပြောပါတယ်။