Home
နိုင်ငံတကာ
ထိုင်းမြောက်ပိုင်းတွင် စိတ်ကြွဆေး ၇ သန်းခန့် ဖမ်းမိ 
DVB
·
April 9, 2024
Maesaipress world 942024

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ဧပြီ  ၈ ရက် မနေ့က တနေ့တည်း နယ်စပ်ကနေ ဝင်လာတဲ့ စိတ်ကြွဆေး ၇ သန်းနီးပါး ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

မနေ့မနက် မနက် ၁ နာရီလောက်က တာဝန်ရှိသူတွေဟာ လမ်းပွန်းမြို့နယ် မဲ့ထားစစ်ဆေးရေးဂိတ်ကနေ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးနေစဉ် ချင်းမိုင်ဘက်က ဝင်လာတဲ့ ငှက်ပျောသီးတင် အဖြူရောင်ဟိုင်းလပ်စ်ကား  တစီးကို စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးချက်အရ ငှက်ပျောဖီး ငှက်ပျောခိုင်တွေအောက်မှာ ရောင်စုံအိတ်တွေပါလာတာ တွေ့ရလို့ ဖွင့်ဖောက်စစ်ဆေးရာမှာတော့ အထဲမှာ စိတ်ကြွဆေး စုစုပေါင်း ၅,၈၀၀,၀၀၀ ကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ် ဝိန်းဟိုင်မြို့နယ်က ကားမောင်းသမား ၁ ဦးနဲ့ အဖော် ၁ ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

နောက်ဖြစ်စဉ်တခုမှာ မနေ့ မနက် ၆ နာရီလောက်က နယ်ခြားစောင့်တပ်နဲ့ ကွန်မန်ဒိုတပ်ပူးပေါင်းအဖွဲ့တွေဟာ ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ် မယ်နာ့အုပ်စု ကင်ပန်တောင်း စစ်ဆေးရေးဂိတ်မှာ  လုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ် အနက်ရောင်အိမ်စီးကားတစီးကိုပါ စစ်ဆေးခဲ့ပါတယ်။ 

ယာဉ်မောင်းသမားမှာ မသင်္ကာဘွယ်အပြုအမူရှိတာကြောင့် ကားတစီးလုံး မွှေနှောက်စစ် ဆေးရာက အိတ် ၄ အိတ်ကို တွေ့ရှိပြီး အဆိုပါအိတ်တွေထဲကနေ ၉၉၉ အမှတ်တံဆိပ် စိတ်ကြွဆေး စုစုပေါင်း ၁ သန်းကို တွေ့ရှိတာလို့ ဆိုပါတယ်။ ကားမောင်းသမားက အဲဒီအထုတ်တွေကို အခကြေးငွေ ဘတ် ၁ သိန်းခွဲနဲ့ အငှားသယ်ပေးခဲ့တာလို့ ထွက်ဆိုသွားပါတယ်။ 

အဲဒီနေ့ တရက်တည်းမှာပဲ ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ် မြန်မာနယ်စပ် တောအုပ်ထဲကနေ နောက်ထပ်စိတ်ကြွဆေး ၁၅၈, ၀၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။ 

ထိုင်းစစ်တပ် နဲ့ နယ်ခြားစောင့်ရဲတွေ ပူးပေါင်းပြီး နယ်စပ်လုံခြုံရေးကင်းလှည့်စစ်ဆေးစဉ်  ည ၈ နာရီဝန်းကျင်မှာ မလိကာအုပ်စု ဘန့်ပထိရွာအနီး တောအုပ်ထဲကို လူတစုဝင်ရောက်လာကြောင်း၊ စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်ရာမှာ တဖက်က ရပ်မပေးဘဲ သေနတ်နဲ့ ပြန်ပစ်တာကြောင့် နှစ် ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့တယ်၊ မနေ့ညက အဲဒီနေရာကို ထိန်းချုပ်ထားပြီး ဒီကနေ့မနက် ပြန်သွားစစ်ဆေးရာမှာတော့ ကျောပိုးအိတ် နှစ်လုံးထဲကနေ စိတ်ကြွဆေး ၁၅၈၀၀၀ နဲ့ အတူ ပြောင်းရှည်သေနတ်တလက်ပါ သိမ်းဆည်းရမိကြောင်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။  

photo-Maesaipress

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013