ယူကရိန်းရဲ့ တိုက်ခိုက်စွမ်းမြင့် ဒရုန်းတွေ ထုတ်လုပ်/သိုလှောင်ရာ စက်ရုံကို ဧပြီ ၈ ရက်မှာ တိုက်ခိုက်ခဲ့ကြောင်း ရုရှားက အခိုင်အမာ ပြောကြားလိုက်ပြီး ယူကရိန်းကလည်း ရုရှား လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်တွေနဲ့ တခြားစစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ တနေ့တည်းမှာပဲ ပြောကြားခဲ့ကြောင်း နှစ်နိုင်လုံးရဲ့ စစ်ရေးဆိုင်ရာ နောက်ဆုံးသတင်းတွေအရ သိရပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ကူးဖျန့်စ်ခ်၊ အာ့ဗ်ဒီးဗ်ကာ ဒွန်နက်စ်ခ် နဲ့ တခြားလမ်းကြောင်းတွေပေါ်က ယူကရိန်း ထိုးစစ်တွေကို ချေမှုန်းခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နေ့မှာ ပြောပါတယ်။
ဒါ့အပြင် ရုရှားတပ်ဖွဲ့တွေဟာ အစ်စ်ကန်ဒါ နည်းဗျူဟာ ပဲ့ထိန်းဒုံးကျည်ကို အသုံးပြုပြီး ဇာပိုရစ်ချ်ဇီးယားဒေသရှိ ယူကရိန်းရဲ့ အကြီးစား ဒရုန်းစက်ရုံကို တိုက်ခိုက်ခဲ့ပြီး ဒါဟာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ ရုရှား ရေနံနဲ့ သဘာဝဓာတ်ငွေ့စက်ရုံတွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေကို လက်တုံ့ပြန်တာလို့လည်း ဆိုပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေကလည်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရှေ့တန်းမှာ ရုရှားစစ်တပ်ကို အကြိမ်ပေါင်း များစွာ တိုက်ခိုက်ခဲ့ရာမှာ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်တွေနဲ့ အီလက်ထရွန်နစ်သုံး လျှပ်စစ်သံလိုက် စွမ်းရည်နဲ့ ဆိုက်ဘာ ပေါင်းစပ်သုံး စစ်အခြေစိုက်စခန်းတွေ အပါအဝင် ရုရှားစစ်တပ် ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က အဲဒီနေ့မှာပဲ ပြောကြားပါတယ်။
ဒါ့အပြင် ဧပြီ ၈ ရက်မှာ ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒေသတွင်းမှာ အနည်းဆုံး လူ သုံးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဇာပိုရစ်ချ်ဇီးယား ဒေသဆိုင်ရာ အစိုးရရှေ့နေရုံးက ပြောပါတယ်။
ဒါ့အပြင် မကြာသေးခင်ရက်တွေအတွင်း ရုရှားထိန်းချုပ်ထားတဲ့ ဇာပိုရစ်ချ်ဇီးယား နျူကလီးယား ဓာတ်အားပေးစက်ရုံကို ယူကရိန်းစစ်ဘက်ဒရုန်းတွေ အများအပြား ရောက်ရှိခဲ့ကြောင်းလည်း မှတ်တမ်းတင်ထားပါတယ်။
ယူကရိန်းဒရုန်းတစင်းဟာ ဓာတ်ပေါင်းဖို နံပါတ် ၆ ရဲ့ ခေါင်မိုးပေါ်မှ ပစ်ချခံရကြောင်း စက်ရုံက ဧပြီ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒရုန်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ အသေအပျောက် တစုံတရာ မရှိခဲ့ဘဲ စက်ရုံရဲ့ ဘေးကင်းရေးကိုလည်း ခြိမ်းခြောက်မှု မရှိကြောင်း စက်ရုံက ပြောပါတယ်။
အဲဒီနေ့မှာပဲ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇာပိုရစ်ချ်ဇီးယား နျူကလီးယား ဓာတ်အားပေး စက်ရုံကို တိုက်ခိုက်တာဟာ ယူကရိန်းက နျူကလီးယား အကြမ်းဖက်ဝါဒကို ကျူးလွန်လိုက်တာပဲလို့ စွပ်စွဲပြီး ရုရှားက စက်ရုံကို ကာကွယ်ဖို့ လုပ်ဆောင်နေကြောင်း ပြောပါတယ်။
ဒါပေမဲ့ အဲဒီတိုက်ခိုက်မှုကို ယူကရိန်း စစ်တပ်က လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်းနဲ့ တိုက်ခိုက်မှု လုပ်ပြီးကတည်းက နျူကလီးယား ဘေးကင်းရေးအတွက် ဆက်စပ်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး လောလောဆယ် သတင်းမရရှိသေးကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ထောက်လှမ်းရေးက ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters