မြန်မာနိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ကုန်ဆုံးခါနီး အယ်နီညိုရဲ့ သက်ရောက်မှုကြောင့် နေ့အပူချိန်တွေဟာ ၄၀ ဒီဂရီစင်တီဂရိတ်ကနေ ၄၂ ဒီဂရီစင်တီဂရိတ် အထိမြင့်တက်လာစေနိုင်ပြီး အပူဒဏ်ခံရနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဧပြီ ၈ ရက်ကနေ လာမယ့် ၁၄ ရက်အထိ ရက်သတ္တပတ်အတွင်း မိုးလေဝသ ခန့်မှန်းချက်တွေ ထုတ်ပြန်ထားတာဖြစ်ပြီးတော့ တောင်ဘက်က ရေငွေ့ပါတဲ့ လေတွေက မြန်မာနိုင်ငံပေါ် တိုးဝင်လာနိုင်တာကြောင့် မိုးတိမ်တောင်တွေ ဖြစ်ထွန်းပြီး တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာ စေနိုင်ပြီးတော့ အဆိုပါ အခြေအနေတွေက အပူဒဏ်ကို ပြန်လည်သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
ဧပြီ ၁၀ ရက် မနက်ဖြန်အထိ ခန့်မှန်းချက်မှာတော့ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ နေ့အပူချိန် အနည်းငယ် ပြန်ကျဆင်းလာနိုင်ပြီးတော့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်နီပြည်နယ်တွေမှာ နေ့စဉ် အမြင့်ဆုံး အပူချိန် ၃ ဒီဂရီစင်တီဂရိတ်ကနေ ၄၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်အထိ ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
မိုးအခြေအနေကတော့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲ ခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်ဒေသတွေမှာ သာယာနိုင်တယ်လို့ ဆိုပါတယ်။
ပင်လယ်ပြင်အခြေအနေကတော့ ရခိုင်ကမ်းရိုးတန်းဘက်မှာ မြောက်-အနောက်မြောက်ဘက်က လေဟာ တနာရီကို ၁၀ မိုင်ကနေ ၁၅ မိုင်လောက်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့် ရှိနိုင်တယ်လို့ ဆိုပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နဲ့ တနင်္သာရီကမ်းရိုးတန်းဘက်မှာတော့ အရှေ့တောင်ဘက်က လေဟာ တနာရီကို ၁၀ မိုင်ကနေ ၁၅ မိုင်လောက်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့် ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။