Home
နိုင်ငံတကာ
ဩစတြေးလျ အကြီးတန်းလွှတ်တော်အမတ်နှင့် ထိုင်ဝမ်သမ္မတ တွေ့ဆုံ
DVB
·
April 9, 2024
Senior Australia lawmaker broaches security cooperation on Taiwan trip

ဩစတြေးလျနိုင်ငံက အကြီးတန်းလွှတ်တော်အမတ်တဦးက ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်နဲ့ ဧပြီ ၈ ရက်မှာ တွေ့ဆုံချိန်မှာ ထိုင်ဝမ်နဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကဲဆတ်တဲ့ အကြောင်းအရာကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းရာမှာ နှစ်ဖက်စလုံးမှာ အကျိုးစီးပွားတွေ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

ထိုင်ဝမ်မြို့တော်ထိုင်ပေက သမ္မတရုံးမှာချိုင်နဲ့ တွေ့ဆုံရာမှာ ဩစတြေးလျ လွှတ်တော် ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ အန်ဒရူး ဝေါလေ့စ်က အမြဲတမ်း ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းမှာ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုဟာ  အရေးကြီးဆုံးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်က (သြစတြေးလျ၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်လေးနိုင်ငံ မဟာမိတ်အဖွဲ့) AUKUSရဲ့ ရေငုပ်သင်္ဘော စီမံကိန်းဟာ ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ လှုပ်ရှားမှုမှန်သမျှကို ဟန့်တားနိုင်တယ်လို့ အကြံပြုခဲ့ပါတယ်။ 

ဩစတြေးလျက နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေ ဝယ်ယူရေး အပါအဝင် ၂၀၂၃ ခုနှစ်မှာ သုံးနိုင်ငံက ထုတ်ဖော်ပြသခဲ့တဲ့ ဒီစီမံကိန်းဟာ အင်ဒို-ပစိဖိတ်ဒေသတွင်း တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ ဩဇာကို ဟန့်တားရေး မဟာမိတ်တွေရဲ့ ကြိုးပမ်းမှု တစိတ်တပိုင်း ဖြစ်လာပါတယ်။

“သြစတြေးလျဟာ နိုင်ငံအများစုလိုပဲ တရုတ်ပိုင်တယ်ဆိုတဲ့ ထိုင်ဝမ်နဲ့ တရားဝင် သံတမန် ဆက်ဆံရေး မရှိပါဘူး။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ကျွန်းကို စစ်ရေးအရ ဖိအားပေရင်း တရုတ်က အချုပ်အခြာအာဏာကို အခိုင်အမာ ရယူဖို့ ကြိုးပမ်းမှုအပေါ် စိုးရိမ်မှု တိုးလာနေတာကို တခြား အမေရိကန် မဟာမိတ်တွေလိုပဲ ဩစတြေးလျက စောင့်ကြည့်နေပါတယ်။ ထိုင်ဝမ်နဲ့ သြစတြေးလျတို့ဟာ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို အခိုင်အမာ ကာကွယ်သူတွေ ဖြစ်တယ်” လို့ ဩစတြေးလျ လွှတ်တော်အမတ်တွေကို ချိုင်က ပြောခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013