Home
ရုပ်သံ
ပြင်ဦးလွင် DSA ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ(ရုပ်သံ)
DVB
·
April 9, 2024
att 942024

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်တက္ကသိုလ် (DSA) ကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရုပ်သံမှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လွှင့်လိုက်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ ဧပြီ ၈ ရက် မနေ့က မနက်အစောပိုင်းမှာ မန္တလေးတိုင်း (ပကဖ)က ဦးဆောင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ စစ်ကောင်စီ တပ်သားတွေ နေထိုင်တဲ့ အဆောင်အနီးကို ၄ လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ အသိပေး ထုတ်ပြန်ထားတာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ “မင်းတို့ DSA ဆိုတာ ဒါလား။ မင်းလားကွ DSA” စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေကို တွေ့ ရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အရေးပါတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေဟာ ခု နောက်ပိုင်းမှာ ပိုပြီးတော့ ခပ်စိပ်စိပ်တွေ့လာရသလို ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် စစ်ရုံးချုပ် (ကက-ကြည်း) တည်ရှိတဲ့ နေပြည်တော်နဲ့ အေလာ လေတပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရက ဧပြီ ၄ ရက်က သတင်းထုတ်ခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ် PDF အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ Lethal Prop တပ်ခွဲက အေလာလေတပ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကတော့ “NUG အစိုးရဟာ လေလှိုင်းထဲကအစိုးရ မဖြစ်စေရဘူး” လို့လည်း ပြောထားပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

အခုရက်ပိုင်းမှာတော့ ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ကပ်ရပ်က သင်္ဃန်းညီနောင်မှာ စစ်ဗျူ ဟာကုန်းအပါအဝင် ခြေမြန်တပ်ရင်း ခလရ ၃၅၇ တို့ကို ကရင်အမျိုးသား လွတ်မြောက် ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေး(PDF)ပူးပေါင်းအဖွဲ့တွေက ဧပြီ ၆ ရက်မှာ သိမ်းပိုက်ထားခဲ့တာကို တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013