Home
မြန်မာသတင်း
MSRF တပ်ကို လူငယ်ရာချီဆက်သွယ်လာ၊ အယောက် ၅၀ ကျော်ကို စစ်သင်တန်းပေးနေ
DVB
·
April 9, 2024
MSRF-1-2732024

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်မှာ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံ နိုင်ငံတဝန်းက လူငယ်ရာနဲ့ချီ ဆက်သွယ်ခဲ့ပြီး လက်ရှိမှာ လူငယ်အယောက် ၅၀ ကျော်ကို စစ်ပညာသင်ကြားပေးနေတယ်လို့ MSRF ဆီက သိရပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်ကို ဆက်သွယ်လာသူတွေဟာ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး နဲ့ မွန်ပြည်နယ်ဘက်က ဆက်သွယ်ခဲ့ပေမဲ့ နောင်တချိန်မှာ ပြည်နယ်တပ်အနေနဲ့ ဖွဲ့စည်းတည်ထောင်ဖို့အတွက် မွန်ပြည်နယ်အတွင်းနေထိုင်သူတွေကိုသာ အဓိက ခေါ်ယူသွားမယ်လို့ မွန်ပြည်တော်လှန်ရေးတပ် စစ်ဆင်ရေးတာဝန်ခံ ရဲဘော်တလနိုင်က ပြောပါတယ်။

အသက် ၁၈ နှစ်ကနေ ၄၀ အကြား လူငယ်‌တွေကို စိစစ်ကာ MSRF တပ်ဖွဲ့က လက်ခံပြီး  အနည်းဆုံး နှစ်နှစ် စစ်မှုထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်ထံ ရောက်ရှိလာတဲ့ လူငယ်တွေကို MSRF စခန်းတည်ရှိရာနေရာမှာ အခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အခြေခံစစ်ပညာ သင်ကြားပေးနေတယ်လို့လည်း သိရပါတယ်။

စစ်မှုမထမ်းမနေရစနစ် ထုတ်ပြန်ပြီးတဲ့နောက် လူငယ်အများစုဟာ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့အတွက် နိုင်ငံခြားထွက်တဲ့သူတွေရှိသလို စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်နေကြတဲ့သူတွေလည်း ရှိပါတယ်။ 

သင်တန်းသားရဲဘော်တဦးက “ပထမ‌ကတော့ နိုင်ငံရေးက ကျနော်တို့နဲ့ မဆိုင်ဘူးဆိုပြီး နေခဲ့တယ်။ ဒါပေမဲ့ စစ်ကောင်စီက ၁၈ နှစ်ပြည့်တဲ့သူတွေကို စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးတဲ့အချိန်မှာ လူတော်တော်များများ ထိတ်လန့်ပြီးတော့ တချို့ဆို ထိုင်းကို ပြေးရတယ်။ ကျနော်က တော်လှန်ရေးဘက်ကို ရွေးချယ်ပြီးတော့ အခုတပ်ထဲကို ရောက်လာတာဖြစ်တယ်။ တပ်ထဲမဝင်ခင် ဘာတွေပြင်ရမလဲဆိုရင် စိတ်ဓာတ်ကပြင်ရပါမယ်။ တပ်ထဲ မဝင်ခင်က သာမာန်ပြည်သူတယောက်ဖြစ်ခဲ့ပေမဲ့ အခုတော်လှန်ရေးထဲ သွားမယ်ဆိုလို့ရှိရင် ပြည်သူတွေအတွက် လုပ်ဆောင်ရမှာဖြစ်တယ်။ ခက်ခဲကြမ်းတမ်းမယ် ဒါကြောင့် စိတ်ဓာတ်ကိုအရင်ပြင်ရပါမယ်။ စိတ်ဓာတ်တခုတည်းနဲ့ ကျနော်တို့ သွားလို့မရပါဘူး။ ကိုယ်လက်ကျန်းမာ ကြံ့ခိုင်သန်စွမ်းဖို့လည်း လိုပါတယ်။ တော်လှန်ရေးထဲသွားမယ်ဆိုရင် ဘယ်လိုအခက်တွေ ဖြတ်သန်းခဲ့ရလဲဆိုရင် မိသားစုပေါ့။ တော်လှန်ရေးထဲသွားပြီး လက်နက်ကိုင်မယ်ဆိုရင် မိဘတွေကစိတ်ထဲက ပေးမသွားခြင်ပါဘူး။ ဒါပေမဲ့ ကျနော်ကတော့ ညာပြီးတော့ အများလိုပဲ ထိုင်းကိုသွားမယ်ဆိုပြီး ထွက်လာတာဖြစ်တယ်။ အိမ်နဲ့သေသေချာချာ မနှုတ်ဆက်ခဲ့ရတာတော့ စိတ်မကောင်းဖြစ်မိတယ်။ တပ်ထဲရောက်တော့ အခက်အခဲက ကျနော့်အတွက်က အစားအသောက်ပေါ့။ စစ်သင်တန်းတက်တာက စစ်ကောင်စီတိုက်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ ပြည်သူတွေကို ကာကွယ်ဖို့ပါ။ အကြမ်းဖက်စစ်ကောင်စီထံမှာ စစ်မှုထမ်းမယ့်အစား MSRF ထဲ ဆက်သွယ်ပြီးတော့ ကိုယ့်လူမျိုးရဲ့တာဝန်ကို ထမ်းဆောင်ဖို့လာကြပါလို့ ပြောခြင်ပါတယ်” လို့ ဆိုပါတယ်။

လက်နက်ကိုင်ဖို့ တောထဲဝင်လာတာကြောင့် အိမ်မှာစားသလိုမျိုး၊ အိမ်မှာနေသလိုမျိုး စတဲ့ အိမ်နဲ့ မတူတာကြောင့် အခက်အခဲတွေ ကြုံတွေ့ရပေမဲ့ သင်တန်းသားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်သားဆိုတဲ့ စိတ်ဓာတ်နဲ့ဖြတ်သန်းခဲ့ရတယ်လို့ သင်တန်းသား ရဲမေတဦးက ပြောပါတယ်။

မွန်ပြည်တော်လှန်တော်လှန်ရေးတပ်ကို ဝင်ရောက်လာတဲ့လူငယ်တွေဟာ မတူညီတဲ့ပုံစံမျိုးစုံက ဝင်ရောက်လာတဲ့အတွက် တသားတည်းဖြစ်အောင် အခြေခံစစ်ပညာသင်တန်းကနေ လေ့ကျင့်ပေးခဲ့ရတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် စစ်ဆင်ရေးတာဝန်ခံ ရဲဘော်တလနိုင်က ပြောပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ဟာ မဟာတပ်တွေဖြစ်တဲ့ ABSDF ကျောင်းသားတပ်မတော်တပ်ရင်း (၁)၊ ဒေါနစစ်ကြောင်း၊ Ye Air Force(YAF)၊ ရေးသိမ်းငှက်၊ Ye Defense Force(YDF)၊ ရေးပြောက်ကျားတပ်(YGF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးတပ်ဖွဲ့ (MSRO) တို့နဲ့ပူးပေါင်းပြီး မွန်ပြည်နယ်အတွင်း အ​ခြေချလှုပ်ရှားနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013