Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတကတော် လူမြင်ကွင်းမှ ပျောက်ကွယ်နေ
DVB
·
April 9, 2024
South Korean First Lady's absence from public life raises questions ahead of election

အငြင်းပွားစရာတွေ ဆက်တိုက်ဖြစ်ခဲ့ပြီးတဲ့နောက် တောင်ကိုရီးယားသမ္မတကတော် ကင်မ်ကွမ်ဟီးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းကနေ ဧပြီ ၁၀ ရက် လွှတ်တော် ရွေးကောက် ပွဲမတိုင်မီအထိ အချိန်အတော်ကြာ လူမြင်ကွင်းကနေ ပျောက်နေပါတယ်။

တောင်ကိုရီးယားမှာ လွှတ်တော်နဲ့ သမ္မတ ရွေးကောက်ပွဲတွေကို သီးခြားစီကျင်းပနေတာကြောင့် သမ္မတ ယွန်းဆွတ်ခ်ယိုးဟာ အရွေးမခံရပါဘူး။ 

ဒါပေမဲ့ လွှတ်တော်အတွင်း အမတ်နေရာ အများစုကို ပြန်နိုင်ဖို့ ကုန်းတက်တိုက်ပွဲနဲ့ ရင်ဆိုင်နေရတဲ့ ယွန်းရဲ့ ပြည်သူ့အာဏာပါတီ (PPP) အတွက် တရားဝင် မဲဆွယ်စည်းရုံးခွင့် မရရှိဘဲ ရုံးခန်းထဲမှာပဲ ထိုင်နေရပါတယ်။

ဆိုးလ်မြို့တော် မာယောင်ဂျီးတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခရှင်းယွဲက  “သမ္မတကတော်က လူအများရှေ့မှာ အပြုသဘောဆောင်တဲ့ ပုံရိပ်တွေကို မဖော်ပြတဲ့အတွက်၊ သူဟာ ဒီအချိန်မှာ ငြိမ်နေတာက ရွေးကောက်ပွဲအတွင်း (ယွန်းရဲ့ပါတီ အတွက်) အထောက်အကူ ဖြစ်စေမှာပါ” လို့ ပြောပါတယ်။

သမ္မတကတော်ဟာ ၂၀၀၇ နဲ့ ၂၀၁၃ ခုနှစ်တွေမှာ တက္ကသိုလ်တွေမှာ အလုပ်လျှောက်တုန်းက ကိုယ်ရေးရာဇဝင် အစိတ်အပိုင်းတွေကို အတုလုပ်ခဲ့တယ်လို့ ၂၀၂၁ ခုနှစ်မှာ ဝန်ခံခဲ့ပါတယ်။ 

ကင်မ်ဟာ စတော့ရှယ်ယာဈေးနှုန်း ခြယ်လှယ်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အထူးရှေ့နေတဦးက စုံစမ်းစစ်ဆေးဖို့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ထိန်းချုပ်ထားတဲ့ လွှတ်တော်ကလည်း ဥပဒေကြမ်းတရပ်ကို ကျန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းက အတည်ပြုခဲ့ပါတယ်။

သမ္မတယွန်းက ဇန်နဝါရီ ၅ ရက်၊ ၂၀၂၄ မှာ အဲဒီအဆိုကို ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။ အဲဒီလမှာပဲ သမ္မတကတော်ဟာ တခြားအငြင်းပွားမှုတွေမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။ 

Dior အိတ်တလုံးကို လက်ဆောင်အဖြစ် သမ္မတကတော်က လက်ခံနေပုံကို လျှို့ဝှက်ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ ယွန်းနဲ့ သူ့ရဲ့ PPP ပါတီအကြား သဘောထားကွဲလွဲမှုနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုလို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။

“သူက ပုန်းကွယ်မနေသင့်ဘူးလို့ ကျနော် ယုံကြည်ပါတယ်၊ တောင်းပန်တာပဲဖြစ်ဖြစ်၊ ကိစ္စရပ်တွေကို တာဝန်ယူပေးတာပဲ ဖြစ်ဖြစ် တနည်းနည်းနဲ့ ပြဿနာတွေကို ရင်ဆိုင်ရမှာပါ”လို့ အသက် ၂၀ အရွယ် ပတ်ချေးဝန်က သမ္မတကတော်နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ရည်ညွှန်း ပြောကြားခဲ့ပါတယ်။ 

ဧပြီ ၁ ရက်မှာ စစ်တမ်းကောက်ယူသူ Realmeter က လူပေါင်း ၂,၅၀၉ ဦးရဲ့ ထင်မြင်ချက်စစ်တမ်းကို ထုတ်ပြန်ရာမှာ ကင်မ်ကြောင့် ယွန်းရဲ့ လူကြိုက်များမှုက မကြာခင်က အမြင့်ဆုံး ၄၁ ဒသမ ၉ ရာခိုင်နှုန်းကနေ ၃၆ ဒသမ ၃ ရာခိုင်နှုန်းအထိ ဆက်လက်ကျဆင်းသွားခဲ့ပါတယ်။

PPP ပါတီဟာ လူကြိုက်များမှု ၃၅ ဒသမ ၄ ရာခိုင်နှုန်းကနေ ၄၃ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးလာတဲ့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ နောက်ကနေ လိုက်နေပါတယ်။ 

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013