ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူအခြေစိုက် အမှတ် ၁ တန်းမြင့်လေ့ကျင့်ကျောင်းအတွက် စစ်မှုထမ်းဖို့ ဆင့်ခေါ်ပေးနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အဖွဲ့က သတိပေးခြိမ်းခြောက်စာ ပေးပို့ခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။
တကက ၁ အခြေစိုက်ထားတဲ့ တိုက်ကြီးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေဟာ စစ်မှုထမ်းဆင့်ခေါ်ရာမှာ စစ်တပ်အလိုကျ လိုက်လံစာရင်းကောက်ယူပြီး လူငယ်တွေကို ချက်ချင်း သင်တန်းကျောင်းပို့နေလို့ အခုလို ခြိမ်းခြောက်ခံရတာလို့ တာဂွကျေးရွာနေသူတဦးက ပြောပါတယ်။
“တိုက်ကြီးမှာ အုပ်ချုပ်ရေးမှူးတွေက အတော်ဆိုးတာ။ မဲနှိုက်တဲ့သူက နှိုက်၊ တချို့ရွာတွေမှာ တန်းပြီးခေါ်တာ။ တချို့အုပ်ချုပ်ရေးမှူးတွေဆို သင်တန်းကျောင်းကို လိုက်ပို့တာ။ လူငယ်တွေ ပြေးလို့မရအောင်။”
ဒီလို အုပ်ချုပ်ရေးမှူးတွေရဲ့ အနိုင်ကျင့် စော်ကားမှုတွေကြောင့် ဧပြီ ၆ ရက်က ဖလုံဘူတာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ PDF အဖွဲ့တွေက သတိပေးခြိမ်းခြောက်စာ ကပ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“လူငယ်တွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်နေမယ်ဆို ရှင်းလင်းသွားမယ်ဆိုပြီး PDF က စာကပ်သွားတာ။ အကုန်လုံး ကြောက်လန့်ပြီး စစ်တပ်ကို ခေါ်ပြီးပြတာ။”
ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေကို PDF အဖွဲ့တွေက ခြိမ်းခြောက်သတိပေးစာတွေ စစ်မှုထမ်းဆင့်ခေါ်စဥ် ကာလအတွင်း မကြာခဏ ကြုံရပြီး ဖလုံဘူတာဖြစ်စဥ်ကြောင့် လုံခြုံရေး တိုးမြှင့်ထားရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ရန်ကုန်မှာ စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁ ကို မတ် ၂၉ ရက်က မင်းကုန်း အမှတ် ၁ စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ တိုက်ကြီး အမှတ် ၁ တန်းမြင့်သင်တန်းကျောင်းမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
စစ်မှုထမ်းသင်တန်း စတင်ဖွင့်လှစ်ပြီး မတ် ၃၀ ရက်က မင်းကုန်း အမှတ် ၁ စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ တိုက်ကြီးမြို့နယ် ဥက္ကံမြို့ မီးလောင်စခန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် ကိုကိုလတ် (ခ) အမာနွတ်လာ သေဆုံးခဲ့ပါတယ်။