ယူကရိန်းနိုင်ငံ ခါကိဗ်မြို့နဲ့ တခြားမြို့တွေမှာ အပျက်အစီး အဆုံးအရှုံးတွေကြောင့် ဖြစ်ခဲ့တဲ့ နာကျင်မှုတွေကို ကမ္ဘာကြီးက နောက်ဆုံးမှာ ကြားရတော့မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ညစဉ်ပြောနေတဲ့ ဗွီဒီယိုမိန့်ခွန်းအတွင်း ဧပြီ ၇ ရက်မှာ ပြောလိုက်ပါတယ်။
“ယူကရိန်းမှာရှိနေတဲ့ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်က မလုံလောက်သေးသလို ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေလည်း ဒါကို ထင်ထင်ရှားရှား သိပါတယ်” လို့ ဇလန်းစကီးက ပြောပါတယ်။
“ယူကရိန်းက လိုအပ်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ဖူလုံစေရေး နိုင်ငံရေးဆန္ဒကို အသစ်ပြန်တောင်းဆိုလိုက်တယ်” လို့လည်း ဇလန်းစကီးက မိန့်ခွန်းထဲမှာ ပြောပါတယ်။
ကူညီပံ့ပိုးပေးပြီးသား နိုင်ငံတွေကို ကျေးဇူးတင်ပြီး ကမ္ဘာပေါ်မှာ ကူညီနိုင်တဲ့ ကာကွယ်ရေးစနစ်တွေ ရှိသေးတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ကို ရုရှားက စနေမနက်အစောပိုင်းနဲ့ မွန်းလွဲပိုင်းတွေမှာ နှစ်ကြိမ် တိုက်ခိုက်ခဲ့လို့ အရပ်သားရှစ်ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
Source/Photo-Reuters