ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် မြောက်ဘက်က ရွာတွေကို စက်သုံးဆီမရောင်းချဖို့ မတ် ၂၆ ရက်ကတည်းက ညောင်လေးပင်ထွေအုပ်က စက်သုံးဆီဆိုင်ရှင်တွေနဲ့ မန်နေဂျာတွေကို အစည်းအဝေးခေါ်ပြောတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ညောင်လေးပင်မြို့နယ်မြောက်ပိုင်းက ကျူချောင်း၊ ဆုံကုန်း၊ ရေဖြူကန်၊ ဂွေးကုန်း၊ ချုံအင်း၊ အင်းပုဝါ၊ သံဆိပ် မင်းလမ်း စတဲ့ရွာတွေကို PDF ထောက်ပံ့တဲ့ ရွာတွေဖြစ်တယ်ဆိုပြီး စက်သုံးဆီမရောင်းခိုင်းတာလို့ ရေဖြူကန်ရွာ စက်သုံးဆီဆိုင်ရှင် တဦးထံကနေ သိရပါတယ်။
“ကျနော်ကတော့ ဆီဝယ်ရင် ဒိုက်ဦးတို့ ပြွန်တန်ဆာတို့ကနေ သွားဆင်းဝယ်တယ်။ အဲဒါတောင် ဂိတ်ကြေး တသိန်းပေးပြီး သွားဝယ်ရတယ်။ သုံးခေါက်တော့ သွားလို့ရတယ်။ ဆိုင်တွေကိုတော့ ရေဖြူကန်က လာဝယ်တယ် ပြောမရဘူး၊ ခိုးသယ် ခိုးဝယ်ပေါ့။ ရွာတွေအကုန်လုံးက ရေဖြူကန်လမ်းမက လာရတာ ဆိုတော့ အကုန်ဒုက္ခရောက်တယ်။"
စစ်ကောင်စီက အဆိုပါရွာတွေကို စက်သုံးဆီရောင်းချပါက စက်သုံးဆီဆိုင်တွေကို လိုင်စင်ပိတ်သိမ်းတာအပြင် ထောင်ဒဏ် သုံးနှစ်ချမယ်ဆိုပြီး ကြေညာထားတဲ့အပြင် စက်သုံးဆီ ဝယ်ယူသူတွေထံကနေလည်း ဓာတ်ဆီပုံး သိမ်းဆည်းတာတွေ၊ ပိုက်ဆံတောင်းယူတာတွေပါ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ရေဖြူခံရွာ ဒေသခံတဦးက “ပြီးခဲ့တဲ့ ၅ ရက်နေ့ကမှ လယ်ထဲမှာသုံးဖို့ ဆီဝယ်ချင်တဲ့သူက သူတို့ဂိတ်ကို သွားပြောတယ်။ အဲဒါ အပြန်ကျ သူတို့ကို အရက်ဖိုးပေး အခုသွားဝယ်ဆိုပြီး လွှတ်ပြီးမှ အပြန်ကျတော့ ဆီပုံး သိမ်းပြီး ပြန်ခိုင်းလိုက်တယ်။ ၁၅ ဂါလန် နှစ်သိန်းကျော်ဖိုး။ အဲဒီနေ့က ခုနစ်ပုံးလောက် သူတို့သိမ်းတယ်။ သွားပြောတော့ ရောင်းလိုက်တဲ့ဆိုင်ရှင်ကို ခေါ်ခိုင်းတယ်။ ဘယ်သူက ခေါ်ပေးမှာလဲ” လို့ ပြောပါတယ်။
စစ်ကောင်စီက ညောင်လေးပင်မြို့နယ် မြောက်ပိုင်းက ရွာတွေမှာ စက်သုံးဆီရောင်းချခွင့် ပိတ်ထားတဲ့အပြင် ဈေးဝယ်လာတဲ့ ရွာဒေသခံတွေဆီကနေလည်း ဈေးထုပ်တထုပ်ကို ကျပ် ၁၀,၀၀၀ တောင်းယူပြီး အထုပ်အရွယ်အစားအလိုက် မတရားငွေတောင်းယူတာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။