ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ ဧပြီ ၆ ရက် မွန်းလွဲပိုင်းက ကားနဲ့ ဆိုင်ကယ် တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညောင်ပင်ထောက်ရပ်ကွက်က ပုဂ္ဂလိကဘဏ်အရှေ့မှာ လမ်းကြားထဲက ထွက်လာတဲ့ ဆိုင်ကယ်ဟာ လမ်းမပေါ်မှာ သွားနေတဲ့ Canter ကားကိုမမြင်ဘဲ ဝင်တိုက်ခဲ့ပြီး ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။
မျက်မြင်တွေ့ခဲ့သူ ဒေသခံတယောက်က “လမ်းဘေးက ကားကြီးတွေ ရပ်ထားတာ။ အဲဒါနဲ့ မိန်းလမ်းထဲ သွားနေတဲ့ ကားကို မမြင်ဘူး။ ဆိုင်ကယ်လည်း အရှိန်နဲ့ ထွက်လာတော့ မိန်းလမ်းထဲ သွားနေတဲ့ကားနဲ့ တိုက်မိတာ။ ဆိုင်ကယ်မောင်းသူက ဆိုင်ကယ်ဦးထုပ်ပါပေမယ့် အရှိန်နဲ့ဆိုတော့ ကားအောက်ရောက်ပြီး ကားကြိတ်သွားပြီး ပွဲချင်းပဲ သေတယ်” လို့ ပြောပါတယ်။
သေဆုံးသူ ရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက လာရောက်သယ်ယူခဲ့ပြီး သေဆုံးသူဟာ ဘယ်သူဘယ်ဝါ ဘယ်မှာနေတယ်ဆိုတာ မသိရသေးဘဲ အတည်ပြုနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့ကလည်း အောင်ပန်း-တောင်ကြီး ကားလမ်းမပေါ် နီလာရိုးမ စက်သုံးဆီ အရောင်းဆိုင်ရှေ့မှာ ၆ ဘီးယာဉ်နဲ့ Light Truck ယာဉ်တို့ တိုက်မိလို့ တဦးသေပြီး တဦး ပြင်းထန်စွာ ဒဏ်ရာရရှိပါသေးတယ်။