Home
နိုင်ငံတကာ
ယူကရိန်းတွင် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် ကုန်တော့မည်ဟု ဇလန်းစကီး သတိပေး
DVB
·
April 7, 2024
Ukrainian servicemen from air defence units prepare for an award ceremony after repelling the second biggest Russian missile and drone attack in five days, near Kyiv

ရုရှားက တာဝေးပစ်လက်နက်တွေနဲ့ အပြင်းအထန် ဆက်တိုက်ခိုက်နေမယ်ဆိုရင် ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်တွေ ကုန်ခန်းတော့မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး က ဧပြီ ၆ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ 

ရုရှားက ယူကရိန်းရဲ့ စွမ်းအင်စနစ်နဲ့ မြို့ကြီးမြို့ငယ်တွေကို ဒုံးကျည်တွေ၊ လူမဲ့လေယာဉ်တွေနဲ့ ဆက်တိုက် တိုက်ခိုက်လာတာကြောင့် လေကြောင်းရန်ကာကွယ်ရေးစနစ် ယိမ်းယိုင်လာခဲ့တာ ဖြစ်ပါတယ်။ 

“ပြီးခဲ့တဲ့လက ချသလိုမျိုး နေ့တိုင်းဆက်ချနေရင်၊ ကျနော်တို့ဘက်က ဒုံးကျည်တွေ ကုန်သွားတော့မှာ၊ မိတ်ဖက်နိုင်ငံတွေလည်း ဒါကိုသိပါတယ်” လို့ ဇလန်းစကီးက ယူကရိန်းရုပ်သံနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ 

အခိုက်အတန့်လောက်တော့ တောင့်ခံနိုင်ပေမဲ့ အခုတောင်မှ ဘယ်နေရာကို ဦးစားပေး ကာကွယ်မလဲ ရွေးရတဲ့အဆင့်ဖြစ်နေပြီ လို့ ပြောသွားပါတယ်။ 

အထူးသဖြင့် ပက်ထရီးရော့ လေကြောင်းရန် ကာကွယ်ရေးစနစ် ၂၅ ခုလောက် လိုအပ်တယ်လို့ သမ္မတက ဆိုပါတယ်။ မိနစ်ပိုင်းအတွင်း ပစ်မှတ်ကိုမှန်နိုင်တဲ့ ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည်တွေ၊ အသံထက်မြန်တဲ့ ဒုံးကျည်တွေကို ကာကွယ်ဖို့ရာမှာ အမေရိကန်ရဲ့ ပက်ထရီးရော့စနစ်ဟာ အရမ်းအရေးပါပါတယ်။ 

ဧပြီလ ၆ ရက်နေ့ ကူးခါစ သန်းခေါင်ကျော်နဲ့ အဲဒီနေ့ ညနေပိုင်းမှာ နှစ်ကြိမ်တိတိ ရုရှားက ဒုံးကျည်တွေ၊ လူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့်  ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းက ဒုတိယအကြီးဆုံးမြို့ ခါကိဗ်မှာ အရပ်သား သေဆုံးမှု ၈ ဦးရှိသွားပြီဖြစ်သလို ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

Source/Photo-REUTERS/Gleb Garanich

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013