Home
နိုင်ငံတကာ
ဆလိုဗက် သမ္မတရွေးကောက်ပွဲ၌ ရုရှားလိုလားသူ လက်ရှိအစိုးရကိုယ်စားလှယ် အနိုင်ရ
DVB
·
April 7, 2024
Slovakia holds presidential election run-off

ဧပြီ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ ဆလိုဗက်ကီးယား သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့မှာ လက်ရှိ အမျိုးသားရေးဝါဒီ-လက်ဝဲယိမ်းအစိုးရဘက်ကတင်တဲ့ ကိုယ်စားလှယ် ပီတာ ပယ်လီဂရီနီ အနိုင်ရသွားတယ်လို့ ဧပြီ ၇ ရက် မဲအများစုရေတွက်ပြီးချိန်မှာ အတည်ပြုနိုင်ခဲ့ပါတယ်။ 

မဲ ၉၉ ဒသမ ၆၆ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာ ပယ်လီဂရီနီက မဲ ၅၃ ဒသမ ၂၆ ရာခိုင်နှုန်းရခဲ့ပြီး အနောက် လိုလားတဲ့ အတိုက်အခံကိုယ်စားလှယ် အီဗန်ကော်ချွတ်က ၄၆ ဒသမ ၇၃ ရာခိုင်နှုန်းသာ ရခဲ့ပါတယ်။ 

ဆလိုဗက်မှာ သမ္မတက အုပ်ချုပ်ရေးအာဏာအများကြီးမရှိပေမဲ့ ဥပဒေတွေကို ဗီတိုနဲ့ ပယ်ချနိုင်တာ၊ အခြေခံဥပဒေ ခုံရုံးတင်ပြီး စိန်ခေါ်ကန့်ကွက်နိုင်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအတွက် တရားသူကြီးတွေ အမည်စာရင်း အဆိုပြုနိုင်ပါတယ်။ 

အုပ်ချုပ်ရေးအာဏာကတော့ ဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ရှိတာဖြစ်ပါတယ်။ ပယ်လီဂရီနီ နိုင်သွားတာဟာ ရုရှားလိုလားတဲ့ ဝန်ကြီးချုပ် ရောဘတ်ဖီကိုရဲ့ အာဏာချုပ်ကိုင်မှုကို ပိုအားကောင်းသွားစေခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက လေးကြိမ်မြောက် အာဏာရခဲ့တဲ့ ဝန်ကြီးချုပ်ဖီကိုဟာ ရုရှားလိုလားတဲ့အမြင်ရှိတဲ့ နိုင်ငံခြားရေးမူဝါဒ စွဲကိုင်ထားပြီး ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ မီဒီယာဥပဒေတွေ ပြုပြင်ပြောင်းလဲမှု စတင်ခဲ့သူ ဖြစ်ပါတယ်။ 

ပယ်လီဂရီနီ ခေါင်းဆောင်တဲ့ ပါတီ ပါဝင်တဲ့ ဖီကိုရဲ့ ညွန့်ပေါင်းအစိုးရဟာ ယူကရိန်းကို ဆလိုဗက်လက်နက်တွေပေးပို့ရေကို တားမြစ်ခဲ့ပါတယ်။ အနောက်လွှမ်းမိုးမှုကြောင့် ဆလာဗစ် နိုင်ငံအချင်းချင်း သတ်နေရတယ်ဆိုတဲ့ အမြင်ရှိသူ ဖြစ်ပါတယ်။

ဆလာဗစ် ဆိုတာ ဆလာ့ဗ်စကားပြောနိုင်ငံတွေကို ဆိုလိုပြီး ဘီလာရုစ်၊ ဘူဂေးရီးယား၊ ချက်၊ ပိုလန်၊ ဆားဗီးယား၊ ခရိုအေးရှား၊ ဆလိုဗေးနီးယား၊ ရုရှား၊ ယူကရိန်းတို့  ပါဝင်ပါတယ်။

Source/Photo-REUTERS/Radovan Stoklasa

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013