ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနဲ့ လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် စစ်ကောင်စီ ဝန်ထမ်းတချို့ ဧပြီ ၅ ရက်နေ့ မနက်ပိုင်းက လက်နက်နဲ့အတူ ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ကလည်း ထွေအုပ်အပါအဝင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတချို့ကို ကာကွယ်မပေးနိုင်တော့တာကြောင့် ထွက်ပြေးသွားကြတာ ဖြစ်နိုင်တယ်လို့ မောင်တောမြို့ခံတယောက်က ပြောပါတယ်။
“ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းက ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် လက်ထောက်ညွှန်ကြားရေးမှူးနဲ့ ဝန်ထမ်းတချို့လည်း ပါသွားတယ်လို့သိရတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ လက်ထောက် ညွှန်ကြားရေးမှူးမှာ ပစ္စတိုတွေ ပါသွားတယ်လို့ သိရတယ်။ ဘယ်ကို ပြေးကြတယ်ဆိုတာတော့ မသိရသေးဘူး။ စစ်တွေဘက်ကို ဖြစ်ဖို့များတယ်” လို့ ပြောပါတယ်။
ထွက်ပြေးသွားကြသူတွေကတော့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးနဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇောအေးတို့ ဖြစ်ကြပြီး သူတို့ ထွက်ပြေးသွားတာကြောင့် မောင်တောမြို့မှာ စစ်ကောင်စီ အုပ်ချုပ်ရေး ရပ်တန့်သွားပြီလို့ နောက်ထပ်မောင်တော မြို့ခံတယောက်က ပြောပါတယ်။
“ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးတောင် ထွက်ပြေးသွားတယ်ဆိုတော့ မောင်တောမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးက လုံးဝကို ရပ်တန့်သွားပြီဖြစ်တယ်။ အဓိက အေအေ ဘက်က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလာမှာကို ကြောက်တာကြောင့် စစ်ကောင်စီဝန်ထမ်းတွေ ထွက်ပြေးသွားကြတာဖြစ်တယ်” လို့ ပြောပါတယ်။
မောင်တောမြို့နယ် ကြိမ်ချောင်း နခခ ၇ ကို ရက္ခိုင့်တပ်တော်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့နယ်အတွင်းမှာ စစ်ရေးပြင်းထန်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ကလည်း တောင်ကုတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူး စန်းညွန့်ဟာ စခန်းကနေ ထွက်ပြေးသွားခဲ့ဖူးပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ တကျော့ပြန်တိုက်ပွဲ ၄ လကျော်ကာလအတွင်း ရက္ခိုင့်တပ်တော်(အေအေ)က မြို့ ၁၀ မြို့အထိ သိမ်းပိုက်ရရှိထားပြီဖြစ်ပြီး မြို့နယ် ၄ ခုထက်မနည်းမှာ စစ်ရေးပြင်းထန်နေဆဲဖြစ်ပါတယ်။